စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့်ဝန်ထမ်းများသည် (၂၄.၅.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)မှ (၁၁:၃၀)နာရီအချိန်ထိ မကွေးမြို့ရှိ စားအုန်းဆီခွဲတမ်းရ လက်ကားဆီကုန်သည်များ၏ စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုအား မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ရှောင်တခင်ကွင်းဆင်း စစ်ဆေးကြပ်မတ်ခဲ့ပါသည်။
စစ်ဆေးစဉ် လက်ကားဆီကုန်သည်များ ခွဲတမ်းရရှိသော စားအုန်းဆီများအား စားသုံးသူများ လက်ဝယ်သို့ ပြန့်ပြန့်နှံ့နှံ့ရောက်အောင် အပတ်စဉ် ထုတ်ပြန်ပေးလျှက်ရှိသော သတ်မှတ်ရည်ညွှန်းစျေး နှုန်းများအပေါ်တွင် သယ်ယူစရိတ်နှင့် အမြတ် (၂%)ပေါင်းပြီး စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅၅၇၅) ဖြင့် ဖြန့်ဖြူးပေးနေပြီး လက်လီတစ်ဆင့်ရောင်းချပေးနေသူများမှ လူတစ်ဦး (၁)ပိဿာလျှင် ကျပ်(၅၈၀၀) ဖြင့် ပြန်လည်ရောင်းချနေကြောင်း၊ ကိုယ်စားလှယ်အမည်နှင့် စျေးနှုန်းတို့အား ဗီနိုင်းများဖြင့် အများ မြင်သာအောင်ကြော်ငြာရောင်းချနေပြီး ဆီအမျိုးအစားအလိုက် စတီးပုံးများတွင် မြေပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီဟု သိသာအောင် ရေးသားရောင်းချနေကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ လက်ကား၊ လက်လီဆီရောင်းချသူများအား ၂၀၂၄-ခုနှစ်၊ ဧပြီလအတွင်းအစည်းအဝေးခေါ်ယူပြီး စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅)အရ အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်း ချပြရှင်းလင်းပြီး သိရှိကြောင်း ဝန်ခံကတိပြုလက်မှတ်များရေးထိုးထားကြောင်း သိရှိရပါသည်။
DOCA(မကွေး)