စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၀.၆.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ပဲခူးခရိုင် ဝေါမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသုံးသူပြည်သူများမှ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ မျှတသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် အချိန်အတွယ်မှန်ကန်စွာဝယ်ယူရရှိနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပဲခူးခရိုင်ဦးစီးမှူးက စားအုန်းဆီရောက်ရှိမှုအခြေအနေ၊ စားအုန်းဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချသွားရန်၊ အချိန်အတွယ်များကို မှန်မှန်ကန်ကန် ရောင်းချရန်နှင့် ဈေးနှုန်းများကို ရေးဆွဲ၍ Vinyl များပြုလုပ်ပြီး ထင်သာမြင်သာသော နေရာများတွင် ချိတ်ဆွဲရောင်းချသွားရန် စသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက ရောနှောဆီများရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးနိုင်ရေးအတွက် အမိန့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဝေါမြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော စားသုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
DOCA(ပဲခူး)