Main menu

စားသုံးသူနှင့်စားသုံးသူရေးရာပေါင်းစပ်မှု

Powered by Drupal
Thu, 06/20/2024 - 11:35 -- consumer_admin

       စားသုံးသူတို့သည် ယခင်နှစ်ကာလများနှင့်မတူပဲ ယနေ့မျက်မှောက်ကာလတွင် နေ့စဉ် ကြုံတွေ့နေရသော စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုကိစ္စအဝဝ တို့တွင် မလုံခြုံမှုနှင့်ဘေး အန္တရာယ် အခက်အခဲများ ပိုမို ကျပ်တည်းစွာဖြေရှင်းနေကြရပေသည်။ ခေတ်စနစ်နှင့်ပတ်ဝန်းကျင် ရိုက်ခတ်မှု အရှိန်အဟုန်ကြောင့် လူနေမှုဘဝတိုးတက်ပြောင်းလဲသည်နှင့်အမျှ စားသုံးသူတို့၏ စားဝတ်နေရေး လိုအပ်ချက်များနှင့်အဝတ်အစား၊ အသုံးအဆောင်များ အပေါ်လိုချင်တပ်မက် စိတ်များ ဆပွားများပြား လာခဲ့ပေသည်။နေ့စဉ်နှင့်အမျှထွက်ရှိနေသည့်ဆန်းသစ်သော ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်တွင် လိုချင်စိတ်နှင့်လိုအပ်ချက်များ ကြောင့်မိမိဝင်ငွေနှင့်မမျှတသည့်အခါ အခက်အခဲများ ဖြစ်ပေါ်လာရပေသည်။ စားသုံးသူ၏လိုအပ်ချက်နှင့်လောဘကြောင့် ဖြစ်ပေါ်နေ သောအခက်အခဲအပြင် ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ တိုးတက်လာသော သတင်းအချက် အလက် များကို နားမလည်မှု၊ နားလည်သော်လည်းလိုက်ပါကျင့်သုံးနိုင်မှု့အားနည်းချက်ကြောင့် စားသုံးသူ တိုင်းနစ်နာဆုံးရှုံးမှု့များ ဖြစ်ပေါ်နေကြရပါသည်။ထိုသို့သော နစ်နာဆုံးရှုံးမှု့ ၊မလုံခြုံမှု့နှင့် ဘေးဥပဒ် အန္တရာယ်များ ကင်းရှင်းလိုလျှင် စားသုံးသူရေးရာအမှု့ကိစ္စများကို ရင်းနှီးကျွမ်းဝင်ပြီး စားသုံးသူ ရေးရာ အသိပညာဗဟုသုတများကို သိရှိလိုက်နာကျင့်သုံးခြင်းဖြင့် ပေါင်းစပ်ရမည်ဖြစ် ပေသည်။

          စားသုံးသူရေးရာဆိုသည်မှာ စားသုံးသူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေး သောလုပ်ငန်းစဉ်ဖြစ်ပါသည်။ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်အကြား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ မျှတစွာဆောင်ရွက်စီမံပေးသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ မည်သူ့ကိုမှ ထိခိုက်နစ်နာစေရန်မရှိဘဲ နှစ်ဦးနှစ်ဖက် ပတ်သက်ဆက်နွယ် မှုကို စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အသေးစိတ်လေ့လာ ဆန်းစစ်၍ မျှတသောဆောင်ရွက်မှုသည် စားသုံးသူရေးရာဥပဒေနှင့် နည်းဥပဒေများ၏ အနှစ်သာရများပင်ဖြစ် ပေသည်။

          ကုန်စည်ထုတ်လုပ်သူတွေနှင့် တဆင့်ခံရောင်းချသူများကို စီးပွားရေးလုပ်ငန်းရှင်အဝန်း အဝိုင်း ဟုခေါ်ဆိုရပေမည်။ ရောင်းချသူတွေဘာတွေရောင်းချနေကြသလဲ ဆန်းစစ်ကြည့်ရာတွင် ကုန်စည်များ၊ ဝန်ဆောင်မှုများ ၊ နည်းပညာများ ၊အတွေးအမြင်များနှင် ဉာဏပစ္စည်း ပိုင်ဆိုင်ခွင့် များကို ရောင်းချနေကြပေသည်။စားသုံးသူများကလည်း စားဝတ်နေရေးအတွက် ကုန်စည်များကို ဝယ်ယူနေကြရပါသည်။

          ကုန်စည် များနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချမှုနှင့်ဘေးအန္တရာယ် ကင်းရှင်းမှု ရှိစေရန်မှာ စားသုံးသူရေးရာဦးစီးဌာန၏ မူဝါဒရည်မှန်းချက်ဖြစ်ပေသည်။ ထို့အတွက် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရာတွင် ကုန်ကြမ်းပစ္စည်း၏ မူလအရည်အသွေး ပြည့်မှီစေရန်၊ ထုတ်လုပ်မှုနည်း လမ်းများ သန့်ရှင်းပြီး နည်းစနစ်မှန်ကန်စေရန၊ ကုန်ပစ္စည်းထုတ်ပိုးမှု မှန်ကန်စေရန်နှင့် သိုလှောင် ဖြန့်ဖြူးရောင်းချရာတွင် တာဝန်ခံမှု တာဝန်ယူမှု ပြည့်ဝပြီး မျှတသော ရောင်းဝယ်မှု ဖြစ်စေရန်  စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်စီမံဆောင်ရွက်နေသလို စားသုံးသူများဖက်မှလည်း ကုန်စည် များဝယ်ယူရာတွင် ကုန်စည်၏သွင်ပြင်လက္ခဏာ ထုတ်ပိုးမှုနှင့် ကုန်အညွှန်းအမှတ် အသားများကို စီစစ်ရွေးချယ်ဝယ်ယူခြင်းဖြင့် စားသုံးသူများဖက်မှလဲ စားသုံးသူရေးရာ အသိပညာများ လိုက်နာ ကျင့်သုံးခြင်း ဓလေ့များဖြင့်ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။

          ဝန်ဆောင်မှု ကိုလည်းစားသုံးသူများနေ့စဉ် ပတ်သက်ဆက်စပ်နေကြရပေသည်။ စားသုံးသူ များသည် မိမိကိုယ်တိုင်မစွမ်းဆောင်နိုင်သော လူမှုကိစ္စမျာကို အခြားသူ၏ဝန်ဆောင်မှုကို  ရယူကာ အခက်အခဲဖြေရှင်းနေကြရပါသည်။ ဝန်ဆောင်မှုတစ်ခုတွင်နက်နဲရှုပ်ထွေးသော သဘောရှိပေသည်။ ဝန်ဆောင်မှုသည်လက်ဆုပ်လက်ကိုင်မပြနိုင်ခြင်း၊ အချိန်အခါနေရာဒေသအလိုက် ပြောင်းလဲနိုင် ခြင်း၊ အရည်အသွေးသည်တစ်သမတ်ထဲ မရရှိနိုင်ခြင်းတို့ကြောင့်ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှု ဝယ်ယူသူအကြား တစ်ဦးနှင့်တစ်ဦး စိတ်ချယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ ပွင့်လင်းမြင်သာမှု နှင့် ဖြစ်ရပ်ပေါ်တွင်ခွဲခြမ်းစိတ်ဖြာ၍ စာနာနားလည်မှု ထားရှိနိုင်မှသာ ကောင်းမွန်သောဝန်ဆောင်မှု ဖြစ်နိုင်ကြောင်း စားသုံးသူများသိရှိနားလည်ထားရပေမည်။

          ဥပမာ(ပညာရေးဝန်ဆောင်မှု ၊ ကျန်းမာရေးဝန်ဆောင်မှု ၊ ငွေကြေးဝန်ဆောင်မှု ၊ ခရီးသွား ဝန်ဆောင်မှုနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု )စသောဝန်ဆောင်မှုမျိုးစုံကို နေ့စဉ်ဆက် နွယ်ဝယ်ယူ၍ စားသုံးသူတို့၏ အခက်အခဲကိုဖြေရှင်းနေကြရသည်။ ဝန်ဆောင်မှုပေးသူဖက်မှလည်း မိမိဝန်ဆောင်မှု နှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ရှင်းလင်း တိကျစွာ စားသုံးသူများကို ကြိုတင်အသိ ပေးခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့် လျှော်ညီစွာ ပြည့်ဝသော ဝန်ဆောင်မှုပေးခြင်း သဘောတူထားသောဝန်ဆောင်မှု၏ အဖို့အခကြိုတင်အသိပေးခြင်း။ စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီ၍ စိတ်ကျေနပ်စေခြင်း၊ အာမခံထားသောအချိန်ကာလ အမှီပြီးမြောက်အောင်ဆောင်ရွက် ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် တန်ဖိုးအတိုင်း ပေးအပ်ခြင်းနှင့်စသောအချက်များကို ဖော်ပြခြင်းဖြင့်တာဝန်ယူမှု တာဝန်ခံမှု အာမခံချက်ပေး ရမည်ဖြစ်ပါသည်။ ထို့ကြောင့် မှန်ကန်ပြည့်ဝ သောဝန်ဆောင်မှုလုပ်ငန်းစဉ်များ တိုးတက်ဖွံ့ဖြိုးလာစေရန် စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ် စီမံနေသလို  စားသုံးသူများကလည်း  ဝန်ဆောင်မှု၏ ရှုတ်ထွေးနက်နဲသော သဘော သဘာဝကိုလေ့လာပြီး ဝန်ဆောင်မှုပေးသူ၏ အာမခံ ချက်အပေါ်လေ့လာသုံးသပ်ခြင်း ဓလေ့ဖြင့် မိမိနစ်နာမှု များမှ ကင်းဝေးစေရန် ပေါင်းစပ် ဆောင်ရွက် သင့်ပါသည်။

          ယနေ့တိုးတက်လာသောခေတ်တွင် စားသုံးသူတို့သည် လူတိုင်းနှင့် ယှဉ်ပြိုင်တိုးတက်ဖို့အတွက် နည်းပညာများ ၊ အတွေအမြင်များ၊ ဉာဏပိုင်ဆိုင်ခွင့်များ ကိုရောင်းဝယ်မှုပြုလာကြပါသည်။ စားသုံး သူတို့၏ ကာယစွမ်းအား၊ ဉာဏစွမ်းအား ၊ထုတ်လုပ်မှုစွမ်းအား ၊ကြံ့ခိုင်ပြည့်စုံစေဖို့ရန် နည်းပညာ များကို ဝယ်ယူလေ့လာနေကြရပေသည်။ တိုးတက်ဆန်းသစ်လာသော နည်းပညာများ၏ အားသာ ချက်ကြောင့် ကုန်စည်နှင့်ဝန်ဆောင်မှုများတွင့်လွယ်ကူလျှင်မြန်လာခြင်း၊ ထုတ်လုပ်မှု တိုးတက် လာစေခြင်း ၊ အရည်အသွေးလုံခြုံစိတ်ချရလာခြင်း ဖြစ်ပေါ်လာရပေသည်။

          စားသုံးသူလူသားတိုင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သည့် ကောင်းမွန်သောပတ်ဝန်းကျင် တွင်ရှင်သန်ကျင်လည်နိုင်ဖို့ လူသားတိုင်း၏ရည်မှန်းချက်ဖြစ်ပေသည်။ ယင်းရည်မှန်းချက်သည် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်၏ လမ်းညွှန်ချက်များအနက် နောက်ဆုံးလမ်းညွှန်ချက်ဖြစ်ပေ သည်။ထိုသို့သောပတ်ဝန်းကျင်တွင် ရှင်သန်ကျင်လည်နိုင်ရန် စားသုံးသူတစ်ဦးခြင်းစီ၏ ကိုယ်ရည် ကိုယ်သွေးပြည့်ဝဖို့လိုအပ်ပေသည်။ထို့ကြောင့် စားသုံးသူတို့သည် နည်းပညာများအပြင်မိမိ ကိုယ် ရည်ကိုယ်သွေး ပြည့်ဝစေရန်လိုအပ်လာပါသည်။ အတွေးအမြင် အတွေ့အကြုံများကို သင်တန်းဖွင့် ပို့ချနေသော ဖြစ်စဉ်များလည်း စားသုံးသူတို့အတွက် ထွန်းကားလာပါသည်။ ထိုသို့သော သင်တန်း များ၏ အကျိုးကျေးဇူးကြောင့် စီးပွားရေးအမြင် ၊ လူမှုရေးအမြင် ၊ကျန်းမာရေးအသိ သဘာဝ ပတ်ဝန်းကျင်အပေါ်ရှုမြင်သုံးသပ်မှု ၊ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ဦးဆောင်နိုင်မှုနှင့် ပါဝင်ပေါင်းစပ် နိုင်မှု ဖြစ်ပေါ်လာပါသည်။

          စားသုံးသူလူသားတိုင်း ထုတ်လုပ်/ရောင်းဝယ်ကြသည်။စားသုံးသူလူသားတိုင်းစီစစ် ဝယ်ယူ နေကြရသည်။ အချိန်အခါနှင့်နေရာဒေသအပေါ်မူတည်၍ ရပ်တည်မှုသာ ကွာခြားသွားသော်လည်း  သင်သည်ရောင်းသူဖြစ်သလို ဝယ်ယူသူလည်းဖြစ်နိုင်ပါသည်။သင်သာရောင်းသူဖြစ်လျှင် မည်သည့် ကျင့်ဝတ်များနှင့် ရောင်းချဖြန့်ဖြူးမည်နည်း ? သင်သာဝယ်ယူစားသုံးသူဖြစ်လျှင် မလုံခြုံမှု နစ်နာ မှုများကင်းရှင်းရန် စားသုံးသူရေးရာမူဝါဒ မျှော်မှန်းချက်များနှင့် ပေါင်းစပ်၍ မည်သို့စီစစ်ရွေးချယ် ဝယ်ယူမည့် အချက်သည်သာ အဓိကအချက်ဖြစ်ပေသည်။

                   အချုပ်အားဖြင့်ဆိုရလျှင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်တွင် ရှင်သန်   ကျင်လည်နိုင်ဖို့ရာ သင်ကိုယ်တိုင်ရော စားသုံးသူရေးရာအသိပညာများနှင့် မည်မျှပေါင်းစပ်လိုက်နာ ကျင့်သုံးနေပြီလဲ စားသုံးသူလူသားတိုင်း စားသုံးသူရေးရာအသိပညာများ ကျင့်သုံး ဖြန့်ဝေ ပေါင်းစပ်နိုင် ကြပါစေကြောင်း ဆန္ဒပြုရေးသားအပ်ပါသည်။

DOCA(ရှမ်း)