ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စည်ပင်သာယာ မြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက်များတွင် လက်လီ၊ လက်ကားဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဇွန်လ (၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ အဖွဲ့စုံဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အမှတ်(၅)၊ ဗိုလ်ချုပ်လမ်း၊ ဈေးပိုင်ရပ်ကွက်ရှိ အေးမေတ္တာဆေးဆိုင် သွားရောက်ခဲ့ပြီး လုပ်ငန်းရှင် များနှင့်တွေ့ဆုံကာ လူသုံးများသော သွေးပေါင်ကျဆေး၊ နှလုံးအားဆေး၊ ဆီးချိုကျဆေးများ အပါအဝင် ဆေး(၇)မျိုးတို့ကို ဝယ်ယူသည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ အမြတ်ရာခိုင်နှုန်းနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်ပိုင်ရှင်မှ ဆေးဝါးများကို AA Medical၊ DKSH စသည့်ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသည့် ဈေးနှုန်းအပေါ် (၈-၁၀)ရာခိုင်နှုန်းအထိ အမြတ်တင် ဖြန့်ဖြူး ရောင်းချနေကြောင်း သိရသည်။
DOCA(ရန်ကုန်)