မြန်မာနိုင်ငံသည်ရေမြေသယံဇာတပေါကြွယ်ဝပြီး အဖိုးတန်သဘာဝတွင်းထွက် ပစ္စည်းများ ထွက်ရှိရာ နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ပထဝီအနေအထားအရကြည့်မည်ဆိုလျှင်လည်း အရှေ့ဘက် တွင် တရုတ်နိုင်ငံ၊ အနောက်ဘက်တွင်အိန္ဒိယနိုင်ငံ၊ တောင်ဘက် တွင်ထိုင်းနိုင်ငံ၊လာအိုနိုင်ငံစသည်ဖြင့် နိုင်ငံကြီးမျာကြား ကုန်သွယ်ရေး မဟာဗျူဟာ အချက်ချာကျသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။
ရေခံမြေခံအလွန်ကောင်းမွန်ပြီး စိုက်ပျိုးရေးနိုင်ငံလည်းဖြစ်သည်နှင့်အညီ သီးနှံများ စိုက်ပျိုး ဖြစ်ထွန်းပြိး ပြည်တွင်းအတွက်သာမက ပြည်ပသို့ပါ တင်ပို့နိုင်သည့် စိုက်ပျိုးရေး နိုင်ငံလည်းဖြစ်သည်။ ယင်းသို့ အမျိုးမျိုးသော သယံဇာတများအနက် လူသားများ၏ လူမှုဘဝအတွက် အမျိုးမျိုး အသုံးပြုနိုင်သည့် သစ်မဟုတ်သည့် အခြားသစ်တောထွက်ပစ္စည်းများအနက် ဝါးသည် အရေး ပါသည့် သစ်တောသယံဇာတတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးတောဧရိယာ တတိယအများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်ပါသည်။ ဝါးပင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်လေ့ရှိပြီး ပေါများစွာ ရရှိသည့် သဘာဝထွက်ကုန်တစ်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ဝါးမျိုးစု(၂၂)မျိုးစုနှင့် မျိုးစိတ်ပေါင်း (၁၂၀)ခန့် ရှိသည် ဟု စိုက်ပျိုးရေးဌာနစာရင်းများအရသိရှိရသည်။ သဘာဝဝါးတောဧရိယာ ဧက ၁ ဒသမ ၇ သန်းကျော်ရှိနေပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍ စီးပွား ဖြစ် ဝါးစိုက်ပျိုးလာကြသည်ဟု သိရသည်။ ဝါးစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်နည်းခြင်း၊ ကယိကထ မများခြင်းနှင့် ရေရှည်အကျိုးဖြစ်ထွန်းခြင်း စသည့်အားသာချက်များရှိသည်ဟုလည်း ဆိုကြသည်။
မိမိတို့နိုင်ငံတွင် သဘာဝဝါးတောများ ပေါများသည် မှန်သော်လည်း ထိန်းသိမ်းမှု ကင်းမဲ့ခြင်း၊ စနစ်တကျထုတ်ယူမှုမရှိခြင်း၊ ဝါး တန်ဖိုးမြှင့် ထုတ်လုပ်မှု အတတ်ပညာ၊ နည်းပညာအားနည်း ခြင်းတို့ကြောင့် စီးပွားဖြစ်ထွန်းမှုတွင်လည်း နိမ့်ကျသည်။ ဝါးမှ လက်မှုအတတ်ပညာဖြင့် ထုတ်လုပ်သည့် ဆန်ကော၊ ဆန်ခါ၊ ခြင်း၊ တောင်းနှင့် အခြားလက်မှု ပစ္စည်းများမှာလည်း အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသည့် ပလတ်စတစ် ပစ္စည်းများကို မယှဉ်နိုင်ဘဲ စျေးကွက်ပျောက်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
ဝါးရုံတစ်ရုံ၏ သက်တမ်းမှာ မြေအောက်ပင်စည်အဖွဲ့အစည်းပေါ်တွင်သာ တည်မှီပြီး မြေပေါ်ပင်စည် (ဝါးပင်)၏ သက်တမ်းမှာ ထွက်ရှိလာသည့် နှစ်အပိုင်းအခြား ပေါ်တွင်မူတည်ပေသည်။ ဝါးရုံတစ်ရုံတွင် သက်တမ်းမတူသည့် ဝါးပင်များ (ဝါးနု၊တညင်၊ ဝါးရင့်) နှင့်ဖွဲ့စည်းတည်ဆောက်ထားပြီးနှစ်စဉ်ထွက်ရှိသည့် ဝါးနု (မျှစ်) များသည် လူသားများအတွက် စားနပ်ရိက္ခာအဖြစ် အသုံးပြုနိုင်ခြင်း၊ တစ်နှစ်သားဝါးများ(တညင်)မှ နှီးဖြာ၍ ဝါးနှီး ဖြင့် ရက်လုပ်ရ သော လူ့အသုံးအဆောင် ပစ္စည်း များကို ထုတ်လုပ်နိုင်ခြင်း၊ ထိုမှသက်တမ်း ရင့်လာ ပြီး သုံးနှစ် နှင့် အထက်သက်တမ်းရှိသည့် ဝါးများ၏ ဖွဲ့စည်းတည်ဆောက်မှုသည် ရူပဂုဏ်သတ္တိ ရင့်သန်လာသဖြင့် အိမ်ရာအဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ခြင်းကြောင့် ဝါး၏အသုံးဝင်ပုံကို မောင်ငယ်ရင်သွေး ဟင်းစားပေး၍၊ အစ်ကိုလတ်ကား နှီးနွယ်တတ်ကာ၊ အစ်ကိုကြီးကအိမ်ရာပေး၏ ဟူ၍ ရှေးလူကြီး သူမများက တင်စားခဲ့ကြသည်။
သစ်အစားထိုးနိုင်သည့်ရွှေစိမ်း
ယခုအခါ ဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာနှင့် ခေတ်မီစက်ကိရိယာများ၏ ပေါင်းစပ် တီထွင်လာမှုနှင့်အတူ တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများဖြစ်သည့် ဝါးပါကေး၊ ဝါးကြမ်းခင်းပြား၊ ဝါးအထပ်သား၊ ဝါးဖျာဘုတ်ပြား၊ Bamboo Particle Board၊ Bamboo Lumber များစသည်တို့ကို ထုတ်လုပ်သုံးစွဲလာနိုင်ခြင်းကြောင့် သစ်၏နေရာတွင် အစားထိုး အသုံးပြုနိုင်လာသည့် အလားအလာရှိသော ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝသယံဇာတ တစ်မျိုးလည်း ဖြစ်လာခြင်းကြောင့်ဝါးကို ရွှေစိမ်း ဟူ၍လည်း တင်စား ခေါ်ဝေါ်လာခဲ့ကြသည်။
ဝါးအခြေခံစက်မှုလုပ်ငန်းများအတွက် အသုံးပြုမည့် ဝါးမျိုးစိတ်များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်သည်။ ဝါးအခြေခံစက်မှုထုတ်ကုန်များ ဖြစ်သည့် ဝါးပါကေး၊ ဝါးကြမ်းခင်းပြား၊ Bamboo Lumber များ ထုတ်လုပ်ရာတွင် အသုံးပြုမည့် ဝါးမျိုးသည် ရင်းဖျားအသားညီသည့် ဝါးမျိုးဖြစ်ရန် လိုအပ်သည့်အတွက် ဝါးကြီးမျိုးဖြစ်သည့် ကလွေဝါး၊ ဝါးပိုး၊ ကြလိုဝါး၊ ဝါးနီ၊ ဝါးပိုးမျက်ဆန်ကျယ် စသည့် ဝါးမျိုးများကို စိုက်ပျိုးရန်နှင့် စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး စက်ရုံအတွက် အမှန် တကယ်လိုအပ်မည့် ဝါးမျိုးကို ရွေးချယ်စိုက်ပျိုးသင့်သည်။
ဝါးအခြေခံစက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝါးသယံဇာတများကို ထိထိရောက်ရောက်အလေအလွင့်မရှိ အသုံးချလာနိုင်မည်ဖြစ်ပြီး ဝါးတစ်ပင်ရှိ အရင်းပိုင်း၊ အလယ်ပိုင်း၊ အပေါ်ပိုင်းအလိုက် သင့်တော်သည့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပါက ဝါးတစ်ပင်လုံး အလေအလွင့်မရှိ အသုံးချနိုင်မည်ဖြစ်သည်။
ဝါးအောက်ခြေအရင်းပိုင်းရှိ အဆစ်များကို ဝါးပန်းပုများထုတ်လုပ်ခြင်း၊ ဝါးမီးသွေး ထုတ်လုပ်ရာတွင် ဘေးထွက်ရရှိသည့် ဝါးအချဉ်ရည်မှ ဝါးဆပ်ပြာ၊ အပင်ပိုးသတ်ဆေး၊ အလှကုန်နှင့် ကျန်းမာရေးသုံး ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်း၊ ဝါးအလယ်ပိုင်းအောက်ခြေကို ဝါးအထပ်သား၊ ဝါးကြမ်းခင်း၊ ဝါးပရိဘောဂများ၊ Bamboo Lumber များ ထုတ်လုပ်ခြင်း၊ ဝါးအလယ်ပိုင်းအထက်ကို ဝါးချောင်းထိုး၍ ဆောင်ရွက်ရသော ယင်းလိပ်၊ စားပွဲတင်ဖျာ၊ ထိုင်ခုံနောက်မှီအခင်းပြားများနှင့် နှီးဖြာ၍ ထုတ်လုပ်ရသော တန်ဖိုးမြှင့်ဝါးလက်မှု ပစ္စည်းအမျိုးမျိုးထုတ်လုပ်ခြင်း၊ ဝါးအပေါ်ပိုင်းကို တူ၊ သွားကြားထိုးတံ၊ အသားကင်ဝါးချောင်းများ ထုတ်လုပ်ခြင်း၊ ဝါးအကိုင်းအခက်များကို လယ်ယာသုံးပစ္စည်း၊ တံမြက်စည်း၊ အပေါ်ရုံအင်္ကျီများထုတ်လုပ်ခြင်း၊ ဝါးအရွက်မှ ဖျော်ရည်၊ တိရစ္ဆာန်အစားအစာ၊ သဘာဝမြေသြဇာများထုတ်လုပ်ခြင်း၊ ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာမှ ထွက်ရှိလာသည့် ဝါးရွေပေါ်စများ၊ ဝါးစများ၊ ဝါးလွှစာမှုန့်များကို အသုံးပြု၍ လောင်စာတောင့်၊ Bamboo Particle Board များစသည့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်အသုံးပြုနိုင်သည်။ ထို့ကြောင့် ဝါးထုတ်ကုန် တစ်ခုတည်းသာထုတ်လုပ်သည့် စက်ရုံတစ်ခုမဟုတ်ဘဲ ဖော်ပြပါဝါးထုတ်ကုန်အမယ်စုံကို တစ်နေရာတည်းတွင် ပေါင်းစပ်ထုတ်လုပ်နိုင်မည့် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဝါးကိုအလေအလွင့်မရှိ အသုံးချနိုင် သကဲ့သို့ ဝါးအခြေခံစက်မှုလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်သည်။
ထို့ပြင် ဝါးမှထွက်ရှိသည့် ဝါးပိုးမျှစ်ခြောက်များကိုလည်း value added ပြုလုပ်၍ နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိရာ ကုန်ကြမ်းများစဉ်ဆက်မပြတ်ရရှိရေးအတွက်လည်းကောင်း၊ ကုန်ကြမ်းများ ထုတ်လုပ်ရာတွင် သဘာဝအရင်းမြစ်များ မပြုန်းတီးစေရေးအတွက် ဒေသအတွင်းရှိ ဝါးစိုက်တောင်သူများကိုလည်း ဝါးထိန်းသိမ်းရေးသင်တန်းများ ပို့ချပေးလျက်ရှိကြောင်းသိရှိရပြိး ဝါးပိုးမျှစ်ခြောက်များကို ဂျပန်၊ တရုတ်နှင့် ကိုရီးယားနိုင်ငံများသို့ တင်ပို့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ဝါးနှင့်ကြိမ်သယံဇာတပေါကြွယ်ဝသော်လည်း ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ် မှု အားနည်း နေ ခြင်းကြောင့် ပြည်ပသို့ ကုန်ချောတင်ပို့မှုတွင် အဆင့် ၁၆နေရာ၌သာ ရပ်တည်နိုင်ခြင်း ဖြစ်သည်။တောတောင်၊ရေမြေ မရွေးပေါက်ရောက်သည့် မြန်မာ့ဝါးကို အကျိုးရှိရှိအသုံးချတတ်ပါက ရွှေကဲ့သို့ တန်ဖိုးမြင့်သည့်အပင် အမျိုးအစားဖြစ်သည်။မြန်မာနိုင်ငံတွင် ဝါးဖြင့်ပြုလု်ပသည့် ကုန်ချောပစ္စည်းများကို အမျိုးအစားအလိုက်၊ ထုတ်လုပ်မှုအဆင့်အလိုက် ခွဲခြားကာ တစ်ရွာထွက်ကုန် တစ်မျိုး One Village One Product ထုတ်လုပ်နိုင်သည့်ရွာများ ကို အားပေးမြှင့်တင်ခြင်းဖြင့် ဝါးကုန်ချောထုတ်လုပ်မှုများစွာ တိုးတက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဝါးသယံဇာတအရင်းအမြစ်များနှင့် သဘာ၀ဝါးတောများ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် အသုံးချနိုင်ရန်၊ ဝါးကုန်ကြမ်းများကို သဘာဝတောမှအပြင် ဝါးစိုက်ခင်းများမှ ထုတ်ယူ နိုင်ရန်အတွက် ဝါးစိုက်လုပ်ငန်းရှင်များ ပိုမိုများပြားလာပြီး ဝါးစိုက်ခင်းများ ယခုထက် ပိုမိုတည်ထောင်လာနိုင်ရန်၊ ဝါးအချောထည် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် မှု တိုးတက်လာစေရန်အတွက် အစိုးရဌာနများမှ နည်းပညာများ ပံ့ပိုးပေးခြင်း၊ ပုဂ္ဂလိက လုပ်ငန်း ရှင်၊ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံခြင်း၊ ဝါးစိုက်တောင်သူအစုအဖွဲ့များမှ ဝါးစိုက်ခင်းများ တည်ထောင်မှုတွင် ပူးပေါင်းပါဝင်မှုဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံ၏ ဝါးအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပြီး ဝါးအခြေခံ စက်မှုလက်မှုလုပ်ငန်းတိုးတက်လာမှုမှသည် MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိသို့ အထောက် အကူပြုနိုင်မည့် နိုင်ငံခြားဝင်ငွေပိုမိုရရှိနိုင်မည့် အလားလာကောင်းသည့် နယ်ပယ်တစ်ခုဖြ စ်လာနိုင်ပါကြောင်း လေ့လာေရေးသားတင်ပြလိုက်ရပါသည်။
DOCA(မန္တလေး)