ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံဦးမင်းဇော်တို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ဦးစီးမှူးကပြောကြားရာတွင် ပြည်တွင်းမှတရားဝင်ထုတ်လုပ် ထားသောပုံးဆီများအား ရောင်းမည်ဆိုပါက မည်သည့်ဆီအမျိုးအစား ရောင်းချမည်ဖြစ်သည်ကို စားသုံးသူရေးရာဦးစီးဌာနသို့ စာရင်းတင်ပြထားရန်လိုကြောင်း၊ (ဥပမာ-ငါးနှစ်ကောင်နှင့်ယုဇနဆီ) စားသုံးသူပြည်သူများ လက်ဝယ်ရရှိစေရေးအတွက် ရပ်ကွက် / ကျေးရွာ၊ ဌာနဆိုင်ရာများကိုလည်း သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချပေးရန် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း( ၁၈ ) ပုဒ်မ( ၄၂ )ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ များနှင့်စပ်လျဉ်ပြီး အမျိုးအစား၊ အမျိုးအမည်၊ အလေးချိန်၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်ရက်စွဲနှင့် FDA ထောက်ခံချက်များပါဝင်သည့် ဆီများကိုသာရောင်းချရန်၊ ပုဒ်မ( ၄၃ )အရ မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)