အမေရိကန်သမ္မတ John F Kennedy က ၁၉၆၂ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် စားသုံးသူများကို အကာအကွယ်ပေးနိုင်မည့် အခွင့်အရေးတစ်ခုကို ကွန်ဂရက်တွင် ကြေငြာခဲ့ပါသည်။ ၁၉၈၅ ခုနှစ် ဧပြီလ(၉)ရက်နေ့တွင် ကျင်းပသော Consumer Conference တွင် စားသုံးသူအခွင့်အရေး (၈) ရပ် ပြဌာန်းရန် သဘောတူညီမှုရရှိခဲ့ပြီး မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်အထိမ်းအမှတ်ဆောင်ပုဒ်များဖော်ဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုနေ့ကျရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြသည်မှာ ယနေ့ထိပင်ဖြစ်ပါသည်။
၂၀၂၂ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Fair Digital Finance” (ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ) ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၆ ခုနှစ် ကပင်စတင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားနှင့် Media Campaign များကျင်းပပြုလုပ်လာခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်လည်း စားသုံးသူအရေးလှုပ်ရှားမှုများပြုလုပ်လာကြပါသည်။
၂၀၂၂ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ဒုပြည်နယ်ဦးစီးမှူးဦးဆောင်၍ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် စစ်တွေခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် မတ်လ(၁၅) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် စစ်တွေမြို့ မြို့မစျေး၊ မင်းဂံစျေး၊ မကျည်းမြိုင်စျေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များသို့သွားရောက်ပြီး စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအားသိရှိစေရန် လက်ကမ်းစာစောင်များဖြန့်ဝေပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လှုပ်ရှားဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)