![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6.15_0.jpg?itok=PGvc-8BK)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
မုံရွာခရိုင်အနေဖြင့် (၇/၂၀၂၄) လအတွင်း ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် မှဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့၊ ဗန္ဓုလဈေးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များ၊ မုံရွာမြို့၊ အမှတ်-၂ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူးရေးအထက်တန်းကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များ၊ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)