မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းဆောင်ရွက်နိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၁၈.၈.၂၀၂၄ ရက်နေ့က ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် အစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးက ပညာရေးဦးစီးဌာန လက်အောက်ရှိ ကျောင်းကျန်းမာရေးသွားရောက်စစ်ဆေးရာတွင် ကျောင်းသား၊ ကျောင်းသူများ အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခန္ဓာချို့တဲ့ခြင်း၊ မျက်စိအားနည်းပါးခြင်း၊ သွားကျန်းမာရေး ဆိုင်ရာပျက်စီးခြင်း၊ လည်ပင်းအကျိတ်ရောင်ခြင်း အစရှိသည့် လက္ခဏာများတွေ့ရှိရ၍ လိုအပ်သလိုကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းသို့စစ်ဆေးကုသပေးမှုကို ပညာသင်နှစ်ကုန်ဆုံးချိန်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းညီညီက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိပညာရရှိစေရန် ကျန်းမာရေးအသိပညာပေးပြိုင်ပွဲပြုလုပ်မည့်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့် ဈေးတန်းစစ်ဆေးခြင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီးတက်ရောက်လာသည့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ပြိုင်ပွဲများပြုလုပ်ကျင်းပသွားမည့် အစီအစဉ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများမှာ မူလတန်းအဆင့် နှစ်သက်ရာပုံ(၂)ပုံနှင့် ကျန်းမာရေးပညာပေးခြင်းအတွက် ရေးဆွဲထားသောပန်းချီပုံများကို ဆေးရောင်စုံခြယ်သခြင်း၊ အလယ်တန်းအဆင့် ဘဝအတွက်တာသိမှတ်စရာကျန်းမာရေး အသိပညာပေးမေးခွန်းများဖြေဆိုခြင်း၊ အထက်တန်းအဆင့် အားကစားနှင့် ကျန်းမာရေး၊ ကျန်းမာရေးနဲ့ညီညွတ်ဖို့ ဂိမ်းကစားတာကိုလျော့ကြစို့ အစရှိသည့် မေးခွန်းများကိုဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ထူးချွန်ဆုရရှိသူများကို ဩဂုတ်လ နောက်ဆုံးပတ်၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(မွန်)