
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ဒလမြို့နယ် စည်ပင်သာယာကမာကဆစ်ဈေးအတွင်း/အပြင်တွင် ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ဈေးတာဝန်ခံရုံး၌ စက်တင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၁:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် စည်ပင်သာယာ ကမာကဆစ်ဈေးတာဝန်ခံ ဦးဌေးဝင်းက ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် မိမိဌာန၏လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံး သူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အတည်ပြု ပြဌာန်း လိုက်ပြီး ၎င်းဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ၏တာဝန်များပါဝင်ခဲ့ပြီး ယခုလိုစားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ စားသုံးသူပြည်သူများ နစ်နားဆုံးရှုံးမှုဖြစ်ပွားမည့် ကုန်စည်များ ရောင်းချခြင်းမျိုးတို့ရှောင်ကြဉ်ကြရန်၊ မိမိတို့ဖြန့်ဖြူး ရောင်းချနေသောကုန်ပစ္စည်းတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန် ပစ္စည်းအမျိုးအစားအလိုက် ဖော်ပြပါရှိရမည့်သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ပြည့်စုံမှုရှိသောကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော ကုန်ပစ္စည်းများ မိမိတို့၏ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)