![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/17.15_2.jpg?itok=TXnCNOWQ)
၁၂.၉.၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမမှ မွန်ပြည်နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးပေးလျက်ရှိသော ဆီအရောင်းကိုယ်စားလှယ်၊ လက်ကား၊ လက်လီ ဆီကုန်သည်များနှင့် တွေ့ဆုံခဲ့သည်။ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဝင်းနှင့် ဝန်ထမ်းများ၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အလိုက်စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်၊ လက်ကား၊ လက်လီ ဆီကုန်သည်များ စုစုပေါင်း (၈၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမမှ မွန်ပြည်နယ်အတွင်း ဆီဖြန့်ဖြူး ရောင်းချကြသည့် ဆီလက်ကား၊ လက်လီကုန်သည်များအနေဖြင့် စားသုံးသူပြည်သူများသို့ ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချရေးနှင့် သတ်မှတ်အရေအတွက်အတိုင်း ရောင်းချရေး တာဝန်ယူမှုတာဝန်ခံမှု အဆင့်ဆင့်ဆောင်ရွက်ကြရန်၊ သတ်မှတ်ခွဲတမ်းအတိုင်း ရောင်းချခြင်းမရှိဘဲ သိုလှောင်ထားပြီး ပြင်ပပေါက်ဈေးဖြင့် ရောင်းချခြင်း ရောနှောဆီဖြန့်ဖြူး ခြင်းများ လုံးဝမပြုလုပ်ကြရန်၊ စားအုန်းဆီဖြန့်ဖြူးမှုစနစ်သစ်အရ၊ အဆင့်ဆင့်တာဝန်ရှိသဖြင့် ကုမ္ပဏီမှ ဆီထုတ်ကိုယ်စားလှယ်၊ ဆီထုတ်ကိုယ်စားလှယ်မှ လက်ကားကုန်သည်၊ လက်ကား ကုန်သည်မှ လက်လီကုန်သည်များအထိ အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရန်၊ နိုင်ငံတော်မှ ပြည်သူများသက်သာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ ပြည်သူမျက်နှာကြည့်ပြီး ဆောင်ရွက်ရန် မသမာမှုများမပြုလုပ်ကြရန်၊ ဖြန့်ခွဲရောင်းချသည့် နေရာများကို တစ်နေရာတည်း မဟုတ်ဘဲ နေရာများခွဲ၍ တစ်ပြိုင်တည်း၊ တစ်ချိန်တည်းရောင်းချ ဆောင်ရွက်ကြရန်၊ လူအများကြီး တန်းစီတိုးဝှေ့ဝယ်ယူရခြင်း မရှိအောင် စီမံဆောင်ရွက်သွားရန်၊ တန်းစီစနစ်၊ တုံကင်စနစ်၊ စာအုပ်စနစ်များတွင် မည်သည့်စနစ်ဖြင့် ရောင်းချသည်ဖြစ်စေ ပြည်သူလက်ဝယ်သို့ ပြည့်ပြည့်ဝဝရောက်ရှိအောင် ရောင်းချပေးရန် လမ်းညွှန်မှာကြားပါသည်။ ဆက်လက်ပြီး ပြည်နယ်ဦးစီးမှူးနှင့် တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးကြပြီး အခမ်းအနားကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းကြောင်း သိရပါသည်။
DOCA(မွန်)