Main menu

မော်လမြိုင်မြို့တွင် အွန်လိုင်းအသုံးပြု၍ ရောင်းချခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

    ၃၀.၉.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ “အွန်လိုင်းအသုံးပြု၍ ရောင်းချခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မွန်ပြည်နယ်အတွင်းရှိ အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်းများ၊ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲမှူးနီဝင်းက အွန်လိုင်းအသုံးပြု၍ မသမာသူတို့၏ အခွင့်ကောင်းယူမှုများအပေါ် အရေးယူဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေး၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စားသောက်ကုန်၊ အလှကုန်များနှင့် ပတ်သက်၍ ဦးစီးဌာနမှ ဆောင်ရွက် ပေးနေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင် ခရိုင်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ Beauty Perfect လုပ်ငန်းမှ ကိုယ်စားလှယ်တစ်ဦးနှင့် မော်လမြိုင်မြို့နယ် အိမ်ခြံမြေရောင်းဝယ်ရေးအသင်းမှ ကိုယ်စားလှယ်တစ်ဦးက အွန်လိုင်းရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများမှ ခေါင်းစဉ်အလိုက် အုပ်စုဖွဲ့၍ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)