![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.7_5.jpg?itok=PLQ94olU)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ကုန်သည်ကြီးများအသင်းကုန်စည်ဒိုင်တွင် ပြည်တွင်းစားသုံးဆန်များအား ဒေသခံပြည်သူများသို့ သင့်တင့်မျှတသောဈေးဖြင့် ဆန်များရောင်းချပေးကြောင်း သိရသည်။ ယခုအခါတွင် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဆန်များဝယ်ယူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညှိနှိုင်းဆွေးနွေးပြီး ပြည်တွင်းမှ ထွက်ရှိသည့် ဧည့်မထအုပ်စုဝင် အများသုံးဆန်များ ရောင်းချနိုင်ရေး ဆန်စက်ပိုင်ရှင်များ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ဆန်လိုအပ်သောဒေသများသို့ ဈေးနှုန်းချိုသာစွာဖြင့် ဆန်များရောင်းချပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်သည် ဆန်စပါးစိုက်ပျိုးထွက်ရှိရာဒေသဖြစ်သော်လည်း ဒေသတွင်းစားသုံးမှု လိုအပ်ချက်အရ ပြည်တွင်းဆန်စပါး စိုက်ပျိုးထွက်ရှိမှု အများဆုံးဖြစ်သော မြန်မာနိုင်ငံအောက်ပိုင်း ဒေသများဖြစ်သည့် ပုသိမ်၊ မြောင်းမြ၊ ရွှေဘိုမြို့နယ်များမှ ထွက်ရှိသောဆန်များ ရေလမ်းမှ ဝင်ရောက်ခြင်းနှင့် ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရှောက်တောမြို့နယ်များမှ ထွက်ရှိသည့်ဆန်များလည်း ကုန်လမ်းမှ တစ်ဆင့် ပခုက္ကူဆန်ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ဆန်လိုအပ်မှုများသောဒေသဖြစ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပခုက္ကူကုန်စည်ဒိုင်တွင် ကုန်သည်ကြီးများအသင်းနှင့် စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ဧည့်မထအုပ်စုဝင် အများသုံးဆန်များဖြစ်သော ရတနာတိုး(ဆင်ဖြူကျွန်း) ဆန်နှင့် ရက်(၉၀)ရွှေဘိုဆန်များ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစ၍ စက်တင်ဘာလအထိ အပတ်စဉ် တနင်္လာနေ့တိုင်း လူတစ်ဦးလျှင် ဆန်(၅)ပြည်နှုန်းဖြင့် ဆန်တစ်ပြည် ကျပ်(၃၀၀၀)ဈေးဖြင့် (၂၄)ပြည်ဝင် တစ်အိတ်လျှင် ကျပ်(၇၂၀၀၀)ဈေး ဖြင့် ဆန်အိတ်ပေါင်း (၁၂၀၀) ကျပ်သန်းပေါင်း(၈၆)သန်း တန်ဖိုးခန့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေသတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးကွက်တွင် ရတနာတိုးနှင့် ရက်(၉၀)ဆန် တစ်ပြည်လျှင် ကျပ်(၄၀၀၀)၊ (၂၄)ပြည်ဝင် တစ်အိတ်လျှင် ကျပ်(၉၆၀၀၀)ပေါက်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ဆန်အိတ်(၁၂၀၀)လျှင် ကျပ်သန်းပေါင်း(၁၁၅)သန်းခန့် တန်ဖိုးရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအမံဖြင့် ဆန်တစ်ပြည်လျှင် ကျပ် (၃၀၀၀)နှုန်းဖြင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကြောင့် အများသုံးဆန်ရတနာတိုးနှင့် ရက်(၉၀)ဆန် တစ်ပြည်လျှင် ကျပ်(၁၀၀၀)၊ (၂၄)ပြည်ဝင် တစ်အိတ်လျှင် ကျပ်(၂၄၀၀၀) ဆန်အိတ် ပေါင်း(၁၂၀၀)ရောင်းချခြင်းဖြစ်၍ ကျပ်သန်းပေါင်း(၂၉)သန်းခန့် ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများသို့ ရောင်းချပေးခဲ့ခြင်းဖြစ်၍ ဒေသခံပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)