စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် e-Government ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာများအသုံးပြု၍ လုပ်ဆောင်ကြသည်။ စီးပွားရေးအောင်မြင်စေရန် သတင်းအချက်အလက်ကို အခြေခံ၍ ဆောင်ရွက်မှုများလုပ်ဆောင်ခြင်းသည် ခေတ်ပြိုင်စီးပွားရေးတွင် အလွန်အရေးကြီးသောအချက်ဖြစ်သည်။ အချက်အလက်စနစ်မှန်ကန်မှုရှိခြင်း၊ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များရရှိနိုင်ခြင်း စသည်တို့မှာ ယနေ့ခေတ် စီးပွားရေးအောင်မြင်မှု၏ အထောက်အကူပစ္စည်းများဖြစ်လာသည်။ အရည်အသွေးမီသတင်းအချက်အလက်များဖြစ်ပေါ်ရေးအတွက် Information Technology Database System တည်ဆောက်ရေးဆောင်ရွက်ခြင်းနှင့် သတင်းအချက်အလက်ဖြည့်ဆည်းရေး စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိသည်။
ပြည်ပနိုင်ငံများနှင့်လည်းကောင်း၊ ပြည်တွင်းရှိ လုပ်ငန်းအသီးသီးနှင့်လည်းကောင်း၊ Internet ကွန်ရက်စနစ်ဖြင့်ချိတ်ဆက်ခြင်း၊ Information Technology ဆိုင်ရာလုပ်ငန်းများ၊ e-Government ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်များရယူစုဆောင်းခြင်းနှင့် e-Government လုပ်ငန်းများနှင့်ပတ်သက်၍ လူ့စွမ်းအားအရည်အသွေးမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ နည်းပညာများ အစဉ်တိုးတက်မှုရှိစေရေးနှင့် ခေတ်နှင့်အညီ ရင်ဘောင်တန်းလိုက်နာရန်အတွက် ပြည်ပနိုင်ငံများနှင့်ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိသည်။ နည်းပညာများကို စဉ်ဆက်မပြတ်သိရှိနိုင်ရန်အတွက် ပြည်တွင်း/ ပြည်ပသင်တန်း၊ နည်းပညာများ၊ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်မှုလုပ်ဆောင်လျက်ရှိသည်။
ပထမဆုံးအနေဖြင့် စီးပွားရေးအောင်မြင်ရန် အခြေခံအချက်မှာ ဈေးကွက်နှင့် စားသုံးသူအကြား သတင်းအချက်အလက်မှန်ကန်မှုဖြစ်သည်။ ရှေးယခင် ကျော်ကြားသော နည်းလမ်းများကိုသာအခြေခံ၍ စီးပွားရေးလုပ်ဆောင်ခဲ့ကြသော်လည်း ယနေ့ခေတ်တွင် GDP၊ စားသုံးသူတုံ့ပြန်မှု၊ အဖွဲ့ အစည်းများ၏ မူဝါဒ စသည်တို့ကို မှန်ကန်သောအချက်အလက်များနှင့် ရင်းနှီးမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များသာအောင်မြင်နိုင်ကြသည်။
ထို့ပြင် ပြုပြင်ပြောင်းလဲမှုများကိုမျှော်လင့်နိုင်ရန် သတင်းအချက်အလက်လမ်းကြောင်းကို လေ့လာနိုင်ရန်လိုအပ်သည်။ ဥပမာအားဖြင့် နိုင်ငံတကာစီးပွားရေးပတ်ဝန်းကျင်နှင့် နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများသည် စီးပွားရေးတိုးတက်မှုအပေါ် ထိခိုက်စေနိုင်သော ရိုက်ခတ်မှုများဖြစ်သည်။ အခြေအနေများပြောင်းလဲမှုအပေါ်မူတည်၍ စီးပွားရေးလုပ်ငန်းများပြောင်းလဲမှု အလျင်အမြန်လုပ်ဆောင်နိုင်ရန် သတင်းအချက်အလက်သိရှိမှုရှိရပါမည်။ နောက်ထပ်အချက်တစ်ခုမှာ အချက်အလက်မှန်ကန်မှုအပေါ်အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်သည်။ မည်သည့် စီးပွားရေးလုပ်ငန်းမဆို အချက်အလက်မမှန်ကန်ပါက အောင်မြင်မှုကိုရယူရန်ခက်ခဲနိုင်သည်။
Descision Making process တွင် အချက်အလက်များကို စနစ်တကျခန့်ခွဲပြီး အဖြစ်မှန်ကိုအခြေခံပြီး ဆောင်ရွက်ရသည်။ ထို့ကြောင့် သတင်းအချက်အလက်များကို ရိုးသားမှုရှိအောင် အသုံးချရန်၊ မူဝါဒနှင့် တစ်သားတည်းဖြစ်အောင်ဆောင်ရွက်ရန် အရေးကြီးသည်။ ထို့ပြင် သတင်းအချက်အလက်များကို အနာဂတ်ဆိုင်ရာကုန်သွယ်မှုများအတွက် အသုံးပြုရန်နှင့် ကောင်းမွန်စွာစီမံခန့်ခွဲရန်လိုအပ်သည်။ အနာဂတ်ဆိုင်ရာကုန်သွယ်မှု (Future trading) အတွက် စီမံခန့်ခွဲမှုနည်းလမ်းများတွင် စွမ်းဆောင်ရည်မြင့်ကောင်းစွာရှိရန်လိုအပ်သည်။ အဓိကနည်းလမ်းများမှာ-
လေ့လာမှုနှင့် သုတေသန- Research and Analysis အနာဂတ်ဈေးကွက်များနှင့်ပတ်သက်သော အချက်အလက်များကိုသေချာစွာလေ့လာခြင်း၊ စီးပွားရေးခန့်မှန်းချက်များ၊ နည်းပညာဆိုင်ရာခန့်မှန်းချက်များနှင့် အခြားအကျိုးသက်ရောက်မှုများကို ရှုထောင့်မျိုးစုံမှ ကြည့်ရှုသုံးသပ်နိုင်ရမည်။
ရည်မှန်းချက်နှင့် အထောက်အထားတည်ရှိမှု- ကုန်သွယ်မှုပုံစံကို သေချာစွာဖော်ထုတ်ထားပြီး မိမိစီးပွားရေးလုပ်ငန်းရည်မှန်းချက်များအရ အနာဂတ်ဈေးကွက်များတွင် မည်မျှအထိရင်းနှီးမြှုပ်နှံသင့်ကြောင်းကို ရှင်းလင်းစွာသိထားရမည်။
စနစ်တကျစီမံခန့်ခွဲမှု (Risk Management)- အကျိုးရှိစွာမျှဝေစီမံခြင်း၊ အရှုံးနည်းပြီး အမြတ်များရစေသော လုပ်ငန်းစဉ်များကို စနစ်တကျစီမံခန့်ခွဲရမည်။
ပိုမိုတိုးတက်သော နည်းပညာအသုံးပြုမှု (Utilize Technology and Automation)- နည်းပညာနှင့် အလိုအလျောက်လုပ်ဆောင်ချက်စနစ်များကိုအသုံးပြုခြင်းဖြင့် ဈေးကွက်၏အလှည့်အပြောင်းများကို ထိထိရောက်ရောက် စောင့်ကြည့်ခြင်း၊ အချက်အလက်များကို လျင်မြန်စွာမှတ်မိစေခြင်းများကို ပိုမိုအထောက်အကူဖြစ်စေသည်။
စီးပွားရေးအခြေအနေကိုနားလည်ခြင်း ( Understand Economic Indicators)- ဈေးကွက်နှင့်ဆက်စပ်သော စီးပွားရေးအခြေအနေများကိုနားလည်ထားပြီး အနာဂတ်တွင် စီးပွားရေးအကျိုးသက်ရောက်မှုများ မည်မျှများနိုင်သည်ကို ခန့်မှန်းသုံးသပ်တတ်ရန်လိုအပ်သည်။
ဈေးကွက်လေ့လာမှုစဉ်ဆက်မပြတ်စီမံခန့်ခွဲမှု (Continuous Monitoring and Adjustment)- ဈေးကွက်အခြေအနေများသည် အမြဲပြောင်းလဲနေသောကြောင့် စဉ်ဆက်မပြတ်စီမံခန့်ခွဲမှုများကို ပြုပြင်ညှိနှိုင်း၍ တိကျမှုကို မြင့်မားစေသည်။ အနာဂတ်ဆိုင်ရာကုန်သွယ်မှုများတွင် အကောင်းဆုံးရလဒ်ရရှိစေရန် စနစ်တကျပြုလုပ်ထားသော စီမံခန့်ခွဲမှုနည်းလမ်းများကိုအသုံးပြုပါက ပိုမိုစိတ်ချရသည်။
အနာဂတ်ဆိုင်ရာကုန်သွယ်မှုတွင် သတင်းအချက်အလက်အရေးပါမှုသည် အရေးကြီးသောအခန်းကဏ္ဍတစ်ခုဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် အောင်မြင်မှုကိုသက်ရောက်စေသည်။ သတင်းအချက်အလက်များသည် ကုန်သွယ်သူများ၊ စီးပွားရေးသမားများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်များရရှိစေနိုင်သည်။ ကုန်သွယ်ရေးလုပ်ငန်းများတွင် အချိန်နှင့်တပြေးညီ သတင်းအချက်အလက်ရယူခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်၏ သတင်းများကို နိုင်ငံအနှံ့၊ ဒေသအလိုက် ဈေးကွက်အခြေအနေများကို တိကျစွာလေ့လာနိုင်ပြီး ကုန်ပစ္စည်းများတင်သွင်း/ တင်ပို့မှုများအတွက် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်သည်။
သတင်းအချက်အလက်များသည် စီးပွားရေးလုပ်ငန်းများအတွက် ယှဉ်ပြိုင်မှုအားကိုတိုးတက်စေသည်။ ကုန်သွယ်သူများသည် ဈေးကွက်လမ်းကြောင်းများ၊ ကုန်ပစ္စည်းရရှိမှု၊ ဈေးနှုန်းပြောင်းလဲမှုများနှင့် စားသုံးသူ လိုအပ်ချက်များအကြောင်းသိရှိရသည့် အချက်အလက်များအပေါ်မူတည်ကာ မိမိလုပ်ငန်းများကို တိကျစွာအခြေခံပြီး ဆောင်ရွက်နိုင်ကြသည်။ သတင်းအချက်အလက်များမပါဝင်သော စီးပွားရေးယှဉ်ပြိုင်မှုများတွင် ကုန်ကျစရိတ်မြင့်မားခြင်းနှင့် စားသုံးသူလိုအပ်ချက်များမပေးနိုင်ခြင်းကြောင့် လုပ်ငန်းများတွင် နှောင့်နှေးမှုများဖြစ်စေသည်။
ထို့ပြင် သတင်းအချက်အလက်များသည် စီးပွားရေးဆွေးနွေးမှုများတွင်လည်း အဓိကဖြစ်သည်။ လုပ်ငန်းများ၏ဦးတည်ချက်များ၊ အလားအလာများကိုသိရှိစေရန်အတွက် သတင်းအချက်အလက်များသည် စာချုပ်ချုပ်ဆိုမှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အကျိုးတူလုပ်ငန်းများဆောင်ရွက်မှုများတွင် အရေးပါသောအချက်များဖြစ်သည်။ ယခုအချိန်အခါသည် နည်းပညာတိုးတက်မှုကြောင့် သတင်းအချက်အလက်များကို အလွယ်တကူရရှိနိုင်ပြီး အမှန် တကယ်အရေးကြီးသော သတင်းအချက်အလက်များကို သေချာစွာရွေးချယ်ပြီး မှန်ကန်သောသတင်းအချက်အလက်များကိုအသုံးပြုခြင်းကလည်း မရှိမဖြစ်လိုအပ်သည်။
နိဂုံးချုပ်အားဖြင့် ကုန်သွယ်မှုလုပ်ငန်းများအတွက် သတင်းအချက်အလက်အရေးကြီးမှုမှာ ကုန်သွယ်သူများ၏ ဆောင်ရွက်ချက်များကို အကျိုးရှိစွာဆောင်ရွက်နိုင်စေရန် အခိုင်အမာဖြစ်စေသည့်အပြင် စီးပွားရေး စွမ်းဆောင်ရည်တိုးတက်မှုနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးလမ်းကြောင်းများတွင် နေရာတစ်ခုအဖြစ်ရပ်တည်နေကြောင်း ရေးသားလိုက်ရပါသည်။
Reference ; Key Economic Insights for Myanmar
DOCA(ရန်ကုန်)