
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ဆေးနှင့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၂၂.၁၀.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်းတွေ့ရှိရပြီး တရားဝင်တင်သွင်းထားသော ဆေးဝါးများကိုသာ ဆက်လက်ရောင်းချသွားရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)