Main menu

စစ်ကိုင်းမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅  ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော တော်ဝင်နှင့် မေတ္တာရှင်ဆိုင်များသို့လည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ရှိ မြတ်နိုးအိမ်ဆန်ဆိုင်သို့လည်းကောင်း  ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထား များနှင့်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း အလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီး ဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင်ရန် သိုလှောင်ထား ခြင်းများမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ်(၁၀၀၀)နှင့် အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင် ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် အောက်တိုဘာလ အတွက် သင့်တင့်မျှတသော ဆန်ဈေးကွက် ဈေးနှုန်း ထုတ်ပြန်ချက်ကို အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ပန်းဘဲတန်း ရပ်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော တော်ဝင်နှင့် မေတ္တာရှင်ဆန်ဆိုင်၊ စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ရှိ မြတ်နိုးအိမ် ဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက် ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံး ရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစားအလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် တော်ဝင်နှင့်မေတ္တာရှင် ဆန်ရောင်းဝယ်ရေး ဆိုင်များသည် ရွှေဘိုပေါ်ဆန်း (၁၅၀၀၀၀) ကျပ်၊ ဧရာမင်း (၁၄၀၀၀၀) ကျပ် နှင့် မနောသုခ (၁၀၀၀၀၀) ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ကြောင်း၊ စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ရှိ မြတ်နိုးအိမ်ဆန်ဆိုင်သည်  ရွှေဘိုပေါ်ဆန်း (၁၅၀၀၀၀) ကျပ်၊ ဧရာမင်း (၁၂၈၀၀၀) ကျပ် နှင့် မနောသုခ (၁၀၈၀၀၀) ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ကြောင်း၊ သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည် တစ်အိတ်လျှင် (၁၅၀၀) ကျပ် မှ (၂၀၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များ မရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။     

DOCA(စစ်ကိုင်း)