Main menu

ထမင်းမြိန်စေမည့် မြန်မာ့ရိုးရာ ရေကြည်ကွင်းချောင်း ငါးပိလုပ်ငန်း

Powered by Drupal
Mon, 11/04/2024 - 14:06 -- consumer_admin

မြန်မာလူမျိုးအများစုသည် ငါးပိမပါလျှင် ထမင်းမမြိန်ဘူးဆိုသည့် လူမျိုးများဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကွင်းချောင်းကျေးရွာတွင် ထုတ်လုပ်ရောင်းချနေသော ငါးပိဈေးကွက်၌ ငါးပိနှင့် တို့စရာသည် မြန်မာထမင်းစားပွဲဝိုင်းတွင် မပါမဖြစ် အခြေခံဟင်းတစ်ခွက်ဖြစ်ပါသည်။ ထမင်းကို အသားဟင်း၊ ငါးဟင်းနှင့် တွဲဖက်မစားရစေကာမူ ငါးပိကို တို့စရာနှင့် တွဲဖက်မစားရပါက ထမင်းစားမမြိန်ဟုယူဆကြသူများဖြစ်ပြီး “ကျေးဇူးမတင် ထမင်းဝင်” ဆိုသောဆိုရိုးလေးသည် ရှေးလူကြီးများသုံးစွဲခဲ့သော ဆိုရိုးစကားဖြစ်ကာ ဧည့်သည်လာသောအခါ ဘာဟင်းလဲမေးလျှင် ငါးပိရေကျို အတို့ဟုပြောပါက သိပ်သဘောမကျသော်လည်း စားသည့်အခါ အလွန်ထမင်းမြိန်စေသော အစားအစာတစ်ခုဖြစ်ကြောင်း တင်စားထားခြင်းသာဖြစ်ပါသည်။
မြန်မာဆိုလျှင် ငါးပိကိုမမေ့ကြနှင့်ဟုဆိုကြပြီး ငါးပိကို ရွှေမြန်မာတို့ ကြိုက်သူများ၍ ငါးပိရည်တို့စရာအစုံကိုမြင်လိုက်သည်နှင့် ထမင်းဆာလာသည်ဟုခံစားရပြီး မြန်မာဆိုသည့်အသိကို ဝင်လာစေပါသည်။ ငါးပိကို မြန်မာတို့သာမက ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် အရှေ့တောင်အာရှနိုင်ငံများတွင်လည်း
စားသုံးကြပြီး ငါးပိကို ထိုင်းဘာသာဖြင့် ကပိဟုခေါ်၍ မလေးဘာသာဖြင့် ဗာလချောင်၊ အင်ဒိုနီးရှားဘာသာဖြင့် တရာစီဟုခေါ်ပါသည်။
မြန်မာတွင် ငါးပိကို မွန်ဘာသာ “ ကပွိုက်” မှ ကပိအဖြစ် ဆင်းသက်လာခြင်းဖြစ်သည်ဟုသိရပြီး ငါးပြေမ၊ ငါးရံ့၊ ငါးခူ စသည့်ငါးသုံးမျိုးကိုရောစပ်ပြီး ပြုပြင်စီမံထားသည့် အာဟာရဟု အဓိပ္ပါယ်ရပါသည်။ ရှေးမြန်မာမင်းတို့လက်ထက် စားတော်ချက်ကျမ်းတွင် ငါးကို စားနှင့်အချိုးကျအုပ်ပြီး ပိပြားအောင် ဖိသိပ်နှိပ်ခြင်းတို့ပြုလုပ်မှသာ ကြာရှည်ခံပြီး နူးနပ်ကောင်းမွန်ခြင်း၊ ငါးကိုဖိနှိပ်သိပ်ထားရ၍ ငါးဖိမှ ငါးပိဟုခေါ်ဆိုခဲ့ကြောင်းသိရပါသည်။
ငါးပိတွင် ရသဓာတ်၊ သွေးဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ အရိုးဓာတ် စသည့် ဓာတ်ပေါင်းစုံပါဝင်သည့်အပြင် ငါးရိုးအမျိုးမျိုးကို ထောင်းထုကြိတ်ချေထားသည့်အတွက် အရိုး
ဓာတ်ကိုခိုင်မာစေသည့် ထုံးဓာတ်များအပြည့်အဝပါဝင်ပြီးဖြစ်၍ သွားများကိုသာမက တစ်ကိုယ်လုံးတွင်ရှိသည့် အရိုးများကိုလည်းခိုင်မာစေပါသည်။ သိပ္ပံနည်းအရဆိုလျှင် ငါးပိမှာ ရေဓာတ် ၄၅.၅ ရာနူန်း၊ ပရိုတင်းဓာတ် ၂၀.၃ ရာနူန်း၊ အဆီ ၃.၅ ရာနူန်း၊ ဆားဓာတ် ၁၀.၂၅ ရာနူန်းပါဝင်၍ ရေဓာတ်၊ အသားဓာတ်များအပြင် သွေးအားကောင်းစေသည့် သံဓာတ်၊ သတ္တုဓာတ်များနှင့် DHA အပါအဝင် Polyunsaturated fatty acidas များပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်သည့်အာနိသင်နှင့် သတ္တုဓာတ်အဆိပ်သင့်ခြင်းကို ဟန့်တားသက်သာစေသည့် အာနိသင်များပါရှိသည့်အပြင် စားသုံးရာတွင်လည်း ထမင်းမြိန်စေပါသည်။
ငါးပိတွင် ဆားဓာတ် ထုံးဓာတ်များစွာပါဝင်သည့်အတွက် သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ အဆစ်ရောင်ဝေဒနာရှင်များအနေဖြင့် "တန်ဆေး လွန်ဘေး" ဆိုသကဲ့သို့ သတိထား၍ သင့်တော်ရုံသာစားသုံးသင့်ပါသည်။ ငါးပိမှရသည့် အာဟာရတန်ဖိုးများကို ပြည့်ပြည့်ဝဝရရှိစေရန် နည်းလမ်းမှန်ကန်စွာ/ သန့်ရှင်းစွာပြုလုပ်ထားသော ငါးပိကိုစားသုံးမှသာ ရရှိမည်ဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကွင်းချောင်းကျေးရွာအုပ်စု၊ ကွင်းချောင်းကျေးရွာတွင် တစ်ရွာလုံးနီးပါးသည် ငါးပိလုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး ကွင်းချောင်းငါးပိကို ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ်၊ ကျုံပျော်၊ လေးမျက်နှာ စသည့်မြို့များနှင့် အခြားမြို့များတွင်လည်း သုံးစွဲသူများကြိုက်နှစ်သက်၍ လူသိများလျက်ရှိကြောင်းသိရသည်။
ကွင်းချောင်းကျေးရွာရှိ ငါးပိလုပ်ကိုင်သူများအနေဖြင့် အင်းပေါ်ချိန်များတွင် ရလာသောငါးများကိုဝယ်ယူပြီး ငါးအကောင်ကြီးငယ်များကို ရွေးချယ်ခွဲထုတ်၍ ငါးကြေးခွံချွတ်ခြင်း၊ အူနှင့် ချေးများထုတ်ခြင်း ရေဖြင့် အထပ်ထပ်သန့်စင်အောင်ဆေးကြော၍ အပုပ်ခံထားရပါသည်။ ငါးများပုပ်လာသောအခါတွင် ငါးနှင့် ဆား ၁၀ရာခိုင်နှုန်းခန့်တို့ကိုရောနယ်၍ စဉ့်အိုး (သို့) သစ်သားစည်တွင် အလေးဖိ၍ (၂)ရက်ခန့်ထားရပါသည်။ ထို့နောက် နေပူတွင် (၂)ရက်ခန့် နေလှမ်းခြင်းနှင့် ဆား ၁၅ရာခိုင်နှုန်း (သို့) ၂၀ ရာခိုင်နှုန်းထိထပ်ထည့်၍ ငရုတ်ဆုံတွင် ကျည်ပွေ့ဖြင့်ထောင်းရပါသည်။ ထောင်းထားသောငါးများကို စဉ့်အိုးတွင် လေလုံအောင်ပိတ်၍ လေးငါးခြောက်လကြာ ဖိသိပ် သိုလှောင်ထားပြီးမှသာ ကောင်းမွန်သောငါးပိကိုရရှိမည်ဖြစ်ပါသည်။
ငါးပိပြုလုပ်ရာတွင် ငါးပြေမ၊ ငါးရံ့၊ ငါးခူတို့ကို ငါးကြီးငါးပိဟုခေါ်၍ ငါးဇင်ဇတ်၊ ငါးဇင်ရိုင်းတို့ကို ငါးလေးငါးပိအဖြစ် ပြုလုပ်ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ၎င်းဒေသတစ်ဝိုက်တွင် ငါးနှင့်စပါးကို တွဲဖက်လုပ်ကိုင်လျက်ရှိပြီး စားရေရိက္ခာဖူလုံစေသည့်အပြင် မှန်ကန်သောသဘာဝနည်းလမ်းအတိုင်း ငါးပိကိုပြုလုပ်ကြခြင်းဖြစ်၍ စားသုံးသူများ ဘေးအန္တရာယ်
ကင်းကာ အာဟာရပြည့်ဝသော မြန်မာ့အစားအစာတစ်ခုအဖြစ်ရပ်တည်လာနိုင်ပြီး ကွင်းချောင်းကျေးရွာရှိ အိမ်ခြေ ၂၀၀ခန့်သည် နှစ်စဉ် ငါးပိပိဿာ (၄၀၀၀၀၀)ခန့်ထုတ်လုပ်နိုင်လျက် တစ်ပိဿာလျှင် (၁၂၀၀၀/-) ကျပ်ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပြီး ONE VILLAGE ONE PRODUCT အဖြစ် ဖော်ဆောင်လုပ်ကိုင်နိုင်ခြင်းကြောင့် ကွင်းချောင်းကျေးရွာတစ်ဝိုက်ရှိ ဒေသခံပြည်သူများလည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ ဝင်ငွေတိုးပွားလျက် အကျိုးအမြတ်ရရှိနေသော ကွင်းချောင်းငါးပိအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ဧရာဝတီ)