(၈.၁၁.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီ အချိန်က ညောင်တုန်းမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် ဆေးအမျိုးမျိုးအရောင်းဆိုင်(၅)နှင့် စားသုံးဆီအမျိုးမျိုးရောင်းချသောဆိုင်(၅)တွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ရာ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့များပါဝင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ် စစ်ဆေးရေး တာဝန်ရှိသူ ဦးအောင်လွင် မြို့နယ်တာဝန်ခံက ဈေးကွက်အတွင်း စစ်ဆေးရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားရှိသော ဆေးပစ္စည်းနှင့် ဆေးဝါးများကိုသာ ရောင်းချသော ဆေးအမျိုးမျိုးအား စစ်ဆေးခြင်း၊ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်းနှင့် ဆေးဝါးများတင်သွင်းရောင်းချနေမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ဈေးကွက်အတွင်းရှိ ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုးအား ဈေးနှုန်းအဆမတန်မြှင့် တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းတို့ မပြုကြရန်နှင့် ဈေးကွက်အတွင်း ဆေးဝါးနှင့် ဆေးပစ္စည်း ပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်ကို ပြောကြားခဲ့သည်။
စားဆီအမျိုးမျိုးရောင်းချသော ဆိုင်များအား စစ်ဆေးရာ တရားမဝင်ပုဇွန်အမှတ်တံဆိပ်ပါ စားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ မြို့နယ်တွင် ရောင်းချလျက်ရှိသော အမှတ်တံဆိပ်ပါစားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖေါ်ပြထားသည်ကို တွေ့ရှိရပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ ကို အများအားဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
အလားတူပင် (၈.၁၁.၂၀၂၄) ရက်နေ့က ဓနုဖြူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုး အရောင်းဆိုင် (၄)ဆိုင်နှင့် ဆေးဝါးအမျိုးမျိုး ရောင်းချသော ဆေးဆိုင်(၆)တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြ ပြီး သတ်မှတ်ချက်များအတိုင်း လုပ်ငန်းရှင်များက ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များတို့အား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေး ကုန်စည်အမျိုးအစား ၁၀ မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)