မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူတာဝန်ခံနှင့်ဝန်ထမ်းသည် (၁၁.၁၁.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဆိပ်ဖြူမြို့နယ် ရေလယ်ကျွန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန်နှင့် ကျောင်းနေအရွယ်ကလေးများ ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တာဝန်ခံက စားသုံးကာကွယ်ရေးဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာ့စားသုံး သူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နေရာနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်မှ ရှေးဦးသူနာပြုစုပုံအဆင့်ဆင့်အကြောင်းအားလည်းကောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)