မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဥ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ၂၇.၁၁.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများမြှင့်တက်မှုမရှိစေရေး၊ လူသုံးကုန်အလှကုန်များ ဈေးနှုန်းတည်ငြိမ်စေရေး စိစစ်ကြပ်မတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အကြီးအကဲတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက ပန်းတနော်မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များ၊ အလှကုန်၊လူသုံးကုန်ဆိုင်များသို့ သွားရောက်၍ တရားဝင်မှတ်ပုံထားခြင်းမရှိသော တရားမဝင်ဆေးဝါးများကို စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ၊ အလှကုန်/လူသုံးကုန်များ ဈေးနှုန်းတည်ငြိမ်ရေးနှင့် သက်တမ်းလွန်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိကို စျေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့စျေးစစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များ၌ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများကို ရောင်းချမှုမပြုလုပ်ကြရန် ဆေးနှင့်ဆေးဝါးများရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် အလှကုန်သူသုံးကုန်များ သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းမရှိပဲ၊ ကုန်ဈေးနှုန်းတည်ငြိမ်စွာရောင်းချနိုင်ရေး ဆွေးနွေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)