စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၁.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်း မပြုကြရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)