
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကံရိုးကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းမကြီးဘေးရှိ Myanmar Green Farm ကုမ္ပဏီသည် ရွှေမြန်မာတို့ ရေမြေမှထွက်သော ပရဆေး ကုန်ကြမ်းများကို ပြည်ပသို့တင်ပို့၍ နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်နေပါသည်။ ကုမ္ပဏီကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထာသည့် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းမှတ်ပုံတင်ခွင့် ပြုထားပါသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လမှစတင်၍ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ချဉ်ပေါင်ဖာလာစေ့၊ ပိန်းရိုးခြောက်၊ ပျဉ်းမရွက်ခြောက်၊ ရှဉ့်မတက်ဥ၊ ပဲပိုးတီ၊ ရဲယိုသီးခြောက်၊ လင်းနေ၊ ဝါးနှီး၊ ကပ်စေးနဲဆူးလုံး၊ နနွင်းနှင့် ကော်ဖီစေ့များကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါသည်။
ကံရိုးကျေးရွာရှိ ဒေသခံများသည်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာ ကြပါသည်။ လုပ်သားအင်အား ၁၅ ဦးဖြင့် အလုပ်ရုံတွင် ရောက်ရှိလာသော ကုန်ကြမ်းများအား သန့်စင်ခြင်း၊ ထုပ်ပိုးခြင်းများ ဆောင်ရွက်ကြပါသည်။
ကုမ္ပဏီသည် ပြည်ပဈေးကွက်ရရှိနေစည့် ကုန်ကြမ်းများကို လိုသလောက် တင်ပို့နိုင်ရန် အတွက် ကိုယ်ပိုင်စိုက်ခင်းများဖြင့် စိုက်ပျိုးခြင်းကိုလည်း ဆောင်ရွက်ပါသည်။ ပဲခူးရိုးမတောင်ခြေ တွင် ဘိလပ်ချဉ်ပေါင်သီး ၂ ဧက၊ ကြောင်ပန်းပင် ၃ ဧက (အပင်ပေါင်း ၃၀၀၀)၊ ပိုးစာပင် ၃.၅၀ ဧက (အပင်ပေါင်း ၂၅၅၀၀)၊ ကြက်ဆူပင် ၈ ဧက (အပင်ပေါင်း ၄၀၀၀၀) စိုက်ပျိုးထားရာ စိုက်ခင်းများ အားလုံးတွင် အပင်များဖြစ်ထွန်းနေသည်ကို တွေ့ရပါသည်။
ဘိလပ်ချဉ်ပေါင်သီးခွံ၊ ပိုးစာရွက်ခြောက်၊ ကြက်ဆူရွက်ခြောက်နှင့် ကြောင်ပန်း စေ့များကို မကြာမီတွင် ခူးဆွတ်အခြောက်လှမ်းနိုင်တော့မည်ဖြစ်ရာ ပြည်ပတင်ပို့၍ နိုင်ငံခြားငွေ ရရှိအောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီပိုင်ရှင် ဦးနိုင်နိုင်ကျော်၏ ပြောပြချက် အရသိရပါသည်။
DOCA (ပဲခူး)