ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှ တစ်ဆင့်ဝန်ဆောင်မှု ပေး၍ ရောင်းချသည့်လုပ်ငန်းကို အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဟုဆိုလိုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ (၂၀၂၃)ခုနှစ်၊ ဇူလိုင်လ (၂၁)ရက် အမိန့် ကြော်ညာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့သော အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
မည်သူမဆို အွန်လိုင်း(Online)စနစ်မှ တစ်ဆင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်လို ပါက အွန်လိုင်း(Online)စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး လက်မှတ်ကို အွန်လိုင်း(Online)စနစ်မှ စတင်လျှောက်ထားရမည်ဖြစ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အွန်လိုင်း (Online)စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အခွင့်အာဏာ အပ်နှင်းခြင်းခံရသည့် ကုန်သွယ်ရေးဦးစီးဌာန၏ Website ဖြစ်သော www.ecomreg.gov.mm တွင်ဝင်ရောက်၍ လျှောက်ထား ရမည်ဖြစ်သည်။
အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်၌ အမျိုး အစား (၂)မျိုးရွေးချယ်လျှောက်ထားနိုင်ပြီး မှတ်ပုံတင်လက်မှတ် လျှောက်ထားသူသည် ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက မြန်မာနိုင်ငံ ကုမ္မဏီများ ဥပဒေအရဖြစ်စေ၊ အထူး ကုမ္မဏီ အက်ဥပဒေအရ ဖြစ်စေ၊ သမဝါယမ အသင်း ဥပဒေအရဖြစ်စေ အခြား တည်ဆဲ ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ ဖွဲ့စည်းတည်ထောင်သော ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်း ဖြစ်ရမည်။ ကိုယ်ပိုင် အမည်သတ်မှတ်ချက်ဖြင့် တရားဝင် Website ရရှိထားသော ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်း ဖြစ်ရမည်။ အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့် နေရာကို တင်ပြနိုင်သော ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်း ဖြစ်ရမည်။
ဆက်လက်၍ မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် Individual လူပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း အခြေချနေထိုင်လျက်ရှိသူ ဖြစ်ရမည်။ အသက် (၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ပါ သတ်မှတ်ချက်များကို လိုက်နာနိုင်သူဖြစ်ရမည်။ စိတ်ပေါ့သွပ်သူ များနှင့် သက်ဆိုင်ရာ အစိုးရ ဌာန၊ အစိုးရ အဖွဲ့အစည်း တစ်ရပ်ရပ်က အမည်ပျက်စာရင်း ကြော်ညာထားသောပုဂ္ဂိုလ်များ လျှောက်ထားခြင်း မပြုလုပ်ရပါ။ အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့်နေရာကို တင်ပြနိုင်သူဖြစ်ရမည်။
ဆက်လက်၍ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် လိုအပ်သည့် စာရွက်စာတမ်းများမှာ (၁) ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်းရှိ တာဝန်ခံ ပုဂ္ဂိုလ် ၏ ရောင်စုံဓာတ်ပုံ (သို့) လူပုဂ္ဂိုလ်ဖြစ်ပါက ယင်းပုဂ္ဂိုလ်၏ ရောင်စုံဓာတ်ပုံ (passport photo size အား JPEG file format ပြင်ဆင်ထားခြင်း)၊ (၂) ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်းရှိ တာဝန်ခံ ပုဂ္ဂိုလ် ၏ နိုင်ငံသား စစ်ဆေးကတ်ပြား မိတ္တူ (သို့) လူပုဂ္ဂိုလ်ဖြစ်ပါက ယင်းပုဂ္ဂိုလ် ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ (မှတ်ပုံတင်ရှေ့ခြမ်းနှင့်နောက်ခြမ်းတို့အား Scan ပြုလုပ်၍ PDF (သို့) JPEG ပြင်ဆင်ထားခြင်းနှင့် နိုင်ငံခြားသားလျှောက်ထားသူများနေနဲ့ကတော့ Passport ရှေ့ခြမ်း စာမျက်နှာအား PDF (သို့) JEPG ပြင်ဆင်ထားခြင်း၊ (၃) ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်းရှိ တာဝန်ခံ ပုဂ္ဂိုလ် (သို့) လူပုဂ္ဂိုလ် (ပိုင်ရှင်)၏ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ ရယူ၍ PDF (သို့) JPEG ပြင်ဆင်ထား ခြင်း၊ (၄) လျှောက်လွှာပုံစံ၌ ဖြည့်သွင်းထားသည့်လိပ်စာတွင် လုပ်ငန်းအမှန်တကယ်တည်ရှိကြောင်း သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း (သို့) သက်ဆိုင် ရာရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး၏ ထောက်ခံချက် (ထောက်ခံ ချက်စာများအား PDF (သို့) JPEG ပြင်ဆင်ထားခြင်းနှင့် ကုမ္မဏီ(သို့) စီးပွားရေးအဖွဲ့အစည်းဖြစ်လျှင် လျှောက်ထားသူ Owner ၏နေထိုင်သည့် လိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာများ ပူးတွဲ တင်ပြရန် PDF (သို့) JPEG ပြင်ဆင်ထားခြင်း၊ (၅) အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချမည့် ကုန်စည်(သို့)ဝန်ဆောင်မှုအမျိုးအစား စာရင်းနှင့် ယင်း ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်နှင့် အာမခံချက်တင်ပြခြင်း၊ (၆) အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချမည့် ကုန်စည်နှင့်စပ်လျဉ်း၍ မည်သည့်နိုင်ငံမှ တင်သွင်းကြောင်း ဖော်ပြထားသည့် အချက်အလက် (သို့) ပြည်တွင်း၌ ထုတ်လုပ်ကြောင်း ဖော်ပြထားသည့် အချက်အလက် တင်ပြခြင်း၊ (၇) သက်ဆိုင်ရာ အစိုးရ ဌာန ၊ အစိုးရအဖွဲ့အစည်းက ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း ၍ခွင့်ပြုထားသော အထောက်အထားများရှိပါက ယင်းနှင့်စပ်လျဉ်းသည့် အထောက်အထားများတင်ပြ ခြင်း၊ (၈) ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်းများ လျှောက်ထားခြင်းအတွက် ကုမ္မဏီမှတ်ပုံတင်လက်မှတ်နှင့် SME မှတ်ပုံတင်လက်မှတ်တို့အား PDF (သို့) JPEG ပြင်ဆင်ထားခြင်း၊ (Individual စီးပွားရေး လုပ်ငန်းများ ကုမ္မဏီမှတ်ပုံတင်လက်မှတ် တင်ပြရန်မလိုအပ်ပါ။) ၊(၉) မိမိတို့ လျောက်ထားမည့် Online Shopများ၏ LOGO များတင်ပြရန် JPEG file format ဖြင့် ပြင်ဆင်ထား ခြင်းများဆောင်ရွက်၍ ဖြည့်သွင်းမှတ်ပုံတင်ရမည်ဖြစ်သည်။
အွန်လိုင်း(Online)စနစ် အသုံးပြုရာတွင် ဦးစွာမိမိအသုံးပြုသော Email (သို့) Mobile Ph Number ဖြင့် www.ecomreg.gov.mm ၏ ညာဘက်ထောင့်ရှိ Sign Up ကိုနှိပ်၍ Member အဖြစ် လျှောက်ထားပြီးမှ Member Account ကို အသုံးပြု၍ Log in ဝင်ပါ။ ဆက်လက်ပြီး Apply ကိုနှိပ်၍ မိမိတို့ ၏ Online Sales အတွက် Registration form များကိုဖြည့်၍ အချက်အလက်များကို ပြန်လည်စစ်ဆေး ကာ Online Payment ဖြင့် AYA PAY, KBZ PAY, UAB PAY, MPA (e commerce Pay) စသည့် မိမိတို့ နှစ်သက်ရာ Payဖြင့် Application form ကြေးအား ပေးသွင်း၍ ဌာနဖက်သို့ Submit ပေးပို့ရမည်။ ဌာနမှ စိစစ်ခွင့်ပြုပြီးနောက် Online Payment (မှတ်ပုံတင်လက်မှတ်ကြေး) ပေးဆောင်၍ မိမိ၏ Online Sales Registration Certificate ကို Print (PDF) ဖြင့် Digital Certificate ရယူနိုင်မည်ဖြစ်သည်။ ရရှိလာသော Digital Certificate (မှတ်ပုံတင်လက်မှတ်)၏ QR Code link ကို မိမိတို့၏ Dashboard တွင် Copy ယူ ၍ မိမိတို့၏ Online Sales (e commerce) Website များတွင် အသုံးပြုခြင်းဖြင့် ယုံကြည်စိတ်ချရသော Online Sales (e commerce) Website များအဖြစ် ကြော်ညာပြီး ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ကြောင်း သတင်းကောင်းပေးနိုင်မည် ဖြစ်ပါသည်။ မှတ်ပုံတင်လက်မှတ် သက်တမ်းမှာ (၂)နှစ်ဖြစ်ပြီး အသစ်လျှောက် ထားခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လိုပါက လုပ်ငန်းစဉ် အဆင့်ဆင့် အသေးစိတ်ကို သက်ဆိုင်ရာ https://www.ecomreg.gov.mm တွင် User Guide ကိုစာဖြင့်၊ Video File ဖြင့် ဖော်ပြပေးထားပါကြောင်းနှင့် အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်သည့် အချက်အလက်များ ကို Consumer Call Centre – 1535 သို့ဖြစ်စေ၊ ဖုန်းနံပါတ် - ၀၆၇-၄၀၈၄၆၄၊ ၀၆၇- ၄၀၈၂၂၆၊ ၀၆၇-၄၀၈၄၈၅ စသည့်နံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
DOCA (ပဲခူး)