Main menu

ဆလပ်ရွက်စိုက်ပျိုးနည်းအကြောင်းသိကောင်းစရာ

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့ရှိ အောင်ပန်း၊ ကလော၊ ဟဲဟိုးဒေသတို့သည် ဥယာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်ကြသည်။ ရာသီပေါ်သီးနှံများ စိုက်ပျိုး ကြရာ ဆလပ်ရွက်များကိုလည်း စိုက်ပျိုးကြသည်။ ဆလပ်ပင်များကို ကမ္ဘာအနှံ့ အပြားစိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင်လည်း ဒေသမရွေးစိုက်ပျိုးနိုင်သည်။

ဆလပ်ပင်ကို နှစ်ထောင်ပေါင်းများစွာကပင် အာရှတိုက်တွင် စိုက်ပျိုးခဲ့ကြသည်။ မြန်မာ နိုင်ငံတွင် စိုက်သောဆလပ်အမျိုးအစား နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ဂေါ်ဖီထုပ်ကဲ့သို့ အထုပ်မျိုး ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ရွက်ပြန့်မျိုးဖြစ်သည်။ အရွက်အရောင်အားဖြင့် အစိမ်းရောင်နှင့်အနီရောင် ဟူ၍ နှစ်မျိုးရှိသည်။ ဆလပ်ပင်များကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သော်လည်း အကောင်းဆုံးမှာ သဲနုန်းမြေ သို့မဟုတ် နုန်းမြေတွင်စိုက်ပျိုးခြင်းဖြစ်သည်။ ဆလပ်ပင်သည် စိုစွတ်အေးမြသော ရာသီ ဥတုကိုနှစ်သက်သည်။

ဆလပ်ပင်ကို အချို့က ပျိုးထောင်စိုက်ပျိုးကြပြီးအချို့မှာတိုက်ရိုက်စိုက်ပျိုးကြသည်။ ရာသီ ဥတုပေါ်မူတည်၍လည်း ကွဲပြားကြသည်။ ဩဂုတ်လနှင့်စက်တင်ဘာလများတွင် တိုက်ရိုက်စိုက်ပျိုး နိုင်ပြီး အောက်တိုဘာလနှင့်နိုင်ဝင်ဘာလသို့ရောက်သောအခါ ပျိုးထောင်၍စိုက်ပျိုးနိုင်သည်။ ဆလပ် ပင်များကို စိုက်ပျိုးသည့်အခါ မြေကိုနက်အောင်မတူးဆွရဘဲ အပေါ်ယံ၌သာ မျိုးစေ့များကိုစိုက်ပျိုး ရသည်။

ဆလပ်ပင်များကိုပျိုးထောင်စိုက်ပျိုးရာတွင် ပျိုးဘောင်ပြုလုပ်ပြီးမျိုးစေ့ကိုအပင် ‌ဖောက်ကာ စိုက်ပျိုးနိုင်ပြီး အပင်များမှာ ပျိုးသက် ၃ ပတ်မှ တစ်လအရွယ်ရောက်ရှိပါက သီးသန့်ဘောင်ပေါ်သို့ ရွေ့ ပြောင်းကာ ပင်ကြားတန်းကြား ၆ လက်မ ၇ လက်မ ထားရှိကာစိုက်ပျိုးနိုင်သည်။ ရွေ့ပြောင်းထား သောအပင်ငယ်များကို နေပူမထိုးအောင်ရက်အနည်းငယ်မျှ ကာကွယ်ပေးရသည်။ ရာသီဥတု ခြောက်သွေ့လျှင် ရေလောင်းပေးရသည်။ ဆလပ်ပင်များကို ပျိုးသက်မှစတင်ပြီး ၂ လခွဲ ၃ လ အကြာတွင် ဆွတ်ခူးနိုင်သည်။

ဆလပ်ရွက်သည် ဗီတာမင်အေနှင့်ဗီတာမင်ဘီတို့ဖြင့်ကြွယ်ဝပြီး ကျန်းမာရေးကို ဖြည့်စွမ်း နိုင်သဖြင့် စားသုံးရန် အထူးသင့်လျော်သောဟင်းရွက်တစ်မျိုးဖြစ်ကြောင်း ဆရာဝန်များက ထောက်ခံ ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)