၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဆေးခမ်းရပ်ကွက်၊ ဟွေခိုက်(၄)လမ်းရှိ SKတံဆိပ် Cake&Bakeryလုပ်ငန်းအား ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် SKတံဆိပ် ကိတ်မုန့်နှင့်မုန့်မျိုးစုံတို့သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာဆောင်ရွက် ရန် ဆွေးနွေးခဲ့ကြပါသည်။
DOCA(ရှမ်း)