Main menu

တစ်ပိုင်တစ်နိုင် ဂေါ်ဖီထုပ် စိုက်ပျိုးခြင်းအကြောင်း

Powered by Drupal

     ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ် ပါသည်။ ဂေါ်ဖီထုပ်ကို တစ်နှစ်ပတ်လုံး ဈေးကွက်တွင် တွေ့မြင်ရပြီး အစိမ်းလိုက်တို့မြုပ်စားသုံးခြင်း၊ အသုပ် သုပ်စားခြင်း၊ ကြော်ချက်၍စားခြင်း၊ ဟင်းရည်သောက်အဖြစ်ချက်စားခြင်းနှင့် ကြော်လှော်ချက်စားခြင်း စသည့်နည်းလမ်းများဖြင့် စားသုံးလျက်ရှိကြောင်းသိရှိရပါသည်။

          ဂေါ်ဖီထုပ်ကို မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့်အောက်တိုဘာလများတွင်စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများတွင် မတ်လမှ အောက်တိုဘာလအထိစိုက်ပျိုးနိုင်ကြောင်းသိရှိရပါသည်။ ဂေါ်ဖီထုပ်မျိုး အား တစ်ဧကစိုက်ပျိုးရန် မျိုးစေ့ ၄၀၀ ဂရမ် ပျိုးထောင်ရန်လိုအပ်ပြီး ပိုးမွှားနှင့် ရောဂါဒဏ်ခံနိုင်သောမျိုးကို ရွေးစိုက်ရန် အထူးလိုအပ်ကြောင်းသိရှိရပါသည်။

          ဘောင်နှင့် ပျိုးထောင်စိုက်ပျိုးလေ့ရှိကြပါသည်။ ပျိုးထောင်ပြီး (၃)ရက်ခန့်အကြာတွင် အပင်ပေါက် လာပြီး (၅)ရက်တွင် အပင်ပေါက်စုံလာမည်။ ပျိုးသက် ၁၄ရက်သားတွင် အချိုးညီ(၂၀:၂၀:၂၀)ရွက်ဖျန်း မြေဩဇာပက်ဖျန်းပေးရန်လိုအပ်ပါသည်။ ရေကိုနေ့စဉ်မပြတ်လောင်းရန်နှင့် ပိုးမွှားရောဂါကာကွယ်ရန် အထူးလိုအပ်ပါသည်။

          သက်လျင်မျိုးကို(၉၀-၁၀၀)ရက်၊ သက်လတ်နှင့်သက်ကြီးကို(၁၃၀-၁၅၀)ရက်တွင် ခုတ်သိမ်းနိုင် ကြောင်းသိရှိရပါသည်။ ရင့်လာသောအထုပ်ကို အပေါ်မှ နှိပ်ကြည့်၍ အထုပ်ကျစ်လစ်မှုကိုခန့်မှန်းနိုင်ပြီး ခုတ်သိမ်းနိုင်သည်။ စိုက်ခင်းမှ ပွဲရုံ၊ ကားတင်သည့်နေရာ စသည့်နေရာများသို့ သယ်ဆောင်ရာတွင်လည်း မထိခိုက်စေရန် အထုပ်ကိုအထူး ဂရုတစိုက်ကိုင်တွယ်ရန် လိုအပ်ကြောင်းသိရှိရပါသည်။ အောင်ရွက်ပါအောင် ခုတ်၍ အထုပ်ကို အောက်ဆုံးထပ်တွင် အတည့်၊ ဒုတိယအထပ်တွင် ပြောင်းပြန်လှန်ထပ်၍ မျက်နှာချင်းဆိုင် တစ်လှည့်စီထပ်၍ ထည့်ခြင်းဖြင့် အထုပ်များကို ထိခိုက်မှုသက်သာပြီး အရည်အသွေးကောင်းသော ဂေါ်ဖီထုပ်များကိုရရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)