လက်ဖက်ဟုဆိုသော် မြန်မာ့ရိုးရာဟန်မှုမပျက် ချစ်စဖွယ်ယွန်းအစ်ကလေးဖြင့် တင့်တယ်စွာ ထည့်ထားသည့် လက်ဖက်အစ်ကလေးအား ကနဦးမြင်မိပေသည်။ လက်ဖက်ကို ယေဘုယျအားဖြင့် မြန်မာလူမျိုးတိုင်း နှစ်သက်ကြပြီး အလှူမင်္ဂလာများနှင့် ပွဲလမ်းသဘင်တိုင်းတွင် မပါမဖြစ် အရေးပါ သည့် အခရာအဖြစ် ပါဝင်နေကြောင်း တွေ့ရသည်။
လက်ဖက်အကြောင်းဟုဆိုရာတွင် ကျယ်ပြန့်လှသည်။ လက်ဖက်သည် အပင်ငယ်တစ်မျိုးဖြစ်၍ အစဉ်အမြဲစိမ်းလျက်ရှိနေသည်။ လက်ဖက်သီးကြွေရာမှ သဘာဝအလျောက် အပင်ပေါက်စေလျှင် အမြင့် (၃၀)ပေခန့်ထိ မြင့်နိုင်သည်။ ယခင်က လက်ဖက်ခြံများတွင် အပင်မြင့်များကိုသာတွေ့ရှိရပြီး ယခု အခါ ခူးဆွတ်ရာတွင် လွယ်ကူစေရန် (၃)ပေမှ (၅)ပေအထိ ကိုင်းဖြတ်ထားသော လက်ဖက်ပင်ငယ် များကို အများအပြား တွေ့မြင်နို်ငပါသည်။ အပင်မြင့်လျှင် လက်ဖက်ရွက်ခူးဆွတ်ရာ၌ အဆင်မပြေ သကဲ့သို့ လက်ဖက်နုချိန် ကြာမြင့်ခြင်းကြောင့် လက်ဖက်အထွက်နှုန်း နည်းပါးကြောင်း သိရသည်။ ကိုင်းဖြတ်ခြင်း မပြုလျှင်လည်း အထွက်နှုန်းကျဆင်းကြောင်းနှင့် ကိုင်းဖြတ်ရာတွင် နွေရာသီနှင့် မြေ အစိုဓါတ်နည်းချိန်၌ မပြုလုပ်သင့်ကြောင်း၊ ကိုင်းဖြတ်ချိန်မမှန်ကန်လျှင် အပင်များပျက်စီးနိုင်သဖြင့် ဂရုတစိုက်လုပ်ဆောင်ရကြောင်း လေ့လာသိရှိရသည်။
လက်ဖက်ပင်တွင် လက်ဖက်ရွက်သည်သာ အဖိုးတန်အသုံးဝင်သည့် ကဏ္ဍအစိတ်အပိုင်းဖြစ် ကြောင်း သိရသည်။ လက်ဖက်စိုက်ပျိုးရာတွင် အစေ့မှအပင်ပေါက်ခြင်းနည်းကိုသာ အသုံးပြုခြင်း ဖြစ်ကာ ရှေးဦးစွာ လက်ဖက်များကို သင့်လျော်သော မြေ၌ ပျိုး၍ (၁)ပေခန့်ကြီးထွားလာသောအခါ ခြံများအတွင်း ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း၊ တစ်ပင်နှင့်တစ်ပင် တစ်တန်းနှင့်တစ်တန်း (၅)ပေ/(၆)ပေ ခန့် ခြား၍ စိုက်ပျိုးရကြောင်းနှင့် လက်ဖက်သည် နှစ်ရှည်ခံပင်အမျိုးအစား ဖြစ်ကြောင်း သိရသည်။
လက်ဖက်သည် ကုန်းမြေမြင့်ပြီးရေမဝပ်နိုင်သည့် တောင်စောင်းသို့သော နေရာများတွင် စိုက်ပျိုး ဖြစ်ထွန်းသည်။ တစ်နည်းအားဖြင့်ဆိုသော် မြေဆီလွှာရေတိုက်စားမှုမှကာကွယ်ရန်နှင့် မြေအစိုဓါတ် ထိန်းသိမ်းရန်အလို့ငှာ တောင်စောင်းများတွင် လှေကားထစ်ပြုလုပ်၍ စိုက်ပျိုးကြကြောင်း သိရသည်။
လက်ဖက်လုပ်ငန်းတွင် သာမန်အားဖြင့် လက်ဖက်စိုလုပ်ငန်းနှင့်လက်ဖက်ခြောက်လုပ်ငန်းဟူ၍ (၂)မျိုးရှိသည်။ လက်ဖက်ခြောက်လုပ်ငန်းအား မိုးမကျမီကာလတွင် လုပ်ကိုင်ကြပြီး မိုးများသောကာလ ၌ ၎င်းလုပ်ငန်းကို ရပ်ဆိုင်းကာ လက်ဖက်စိုလုပ်ငန်းကို လုပ်ကိုင်ကြကြောင်းသိရသည်။
လက်ဖက်စိုရရှိရန် လက်ဖက်ပင်များမှ ခူးဆွတ်ရရှိလာသည့် လက်ဖက်ရွက်များအား အပူပေး၍ ပေါင်းခြင်း၊ ပေါင်းထားသည့်လက်ဖက်များကို လှိမ့်စက်ဖြင့်လှိမ့်ခြင်းနှင့် ပေါင်းပြီးလှိမ့်ထားသည့် လက်ဖက်များအား တောင်းများ၊ အိတ်များအတွင်း (၂)လခန့်ထားရကြောင်း လေ့လာသိရှိရပါသည်။ လက်ဖက်ခြောက်ရရှိရန် ထိုလက်ဖက်အစိုများကို ဖျာကြမ်းများပေါ်တွင် ဖြန့်ခင်း၍ နေလှန်းရာမှ လည်းကောင်း၊ စက်ဖြင့်အခြောက်ခံရာမှလည်းကောင်း ပြုလုပ်ကြသည်။
လက်ဖက်လုပ်ငန်းလုပ်ကိုင်ရာတွင် မြေပြုပြင်ခြင်း၊ကိုင်းဖြတ်ခြင်း၊လက်ဖက်ခူးခြင်း၊ လက်ဖက်စို၊ လက်ဖက်ခြောက်ပြုလုပ်ခြင်းနှင့် ထုတ်ပိုးပြင်ဆင်ဖြန့်ဖြူးရောင်းချခြင်းအစရှိသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ရှိကြောင်း၊ ထိုလုပ်ငန်းအတွက် လုပ်သားအများအပြား လိုအပ်ကြောင်းနှင့် လုပ်သား ငှားရမ်းမှုများ ပြုလုပ်ရကြောင်း လက်ဖက်စိုက်တောင်သူ တစ်ဦးထံမှ သိရှိရသည်။
လက်ဖက်ခြောက်ကို လက်ဖက်ရည်ကြမ်း/ရေနွေးကြမ်း(အခါးရည်)အဖြစ် သောက်သုံးကြသည်။ ရှေးအခါက မင်းစိုးရာဇာနှင့်သူဌေးသူကြွယ်များသာ သောက်သုံးနိုင်ကြောင်းနှင့် ထိုစဉ်က လက်ဖက်ကို အလွန်ဝေးကွာသည့်အရပ်မှ ဒုက္ခအမျိုးမျိုးကျော်လွန်၍ ယူဆောင်ရသဖြင့် လက်ဖက်ဈေးအလွန်ကြီးမြင့် သောကြောင့် လူတိုင်း မသောက်သုံးနိုင်ကြောင်း စာပေလေ့လာမှုများအရ သိမှတ်ရပါသည်။ ယခုအခါ လူတန်းစားမရွေး သောက်သုံးနို်ငသော လက်ဖက်ရည်ကြမ်းဖြစ်ပေသည်။
လက်ဖက်ရည်ကြမ်း(ရေနွေးကြမ်း)ကို နေ့လယ်ခင်းနှင့်ညချမ်းအချိန်များတွင် သောက်သုံးပေး ခြင်းဖြင့် ညဘက်တွင် ကောင်းမွန်စွာအိပ်ပျော်စေသည့် အကျိုးကျေးဇူးကို ရရှိနိုင်သည့်အပြင် အစာအိမ် ကင်ဆာ၊ အရေပြားကင်ဆာနှင့် အဆုတ်ကင်ဆာဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်းနှင့် ဆိုးကျိုး အနေဖြင့် အလွန်အကျွံသောက်သုံးမိပါက နှလုံးခုန်မြန်စေသကဲ့သို့ သွေးတိုးရောဂါကို ဖြစ်ပွားစေနိုင် ကြောင်း၊ သွေးတိုးရောဂါနှင့်နှလုံးသွေးကြောရောဂါရှိသူများအနေဖြင့် (၁)ရက်လျှင် (၁-၂ )ခွက်သာ သောက်သုံးသင့်ကြောင်း ကျန်းမာရေးဆောင်းပါးများမှ လေ့လာသိမှတ်ရပါသည်။
လက်ဖက်သည် စိုက်ပျိုးရေးထွက်ကုန်ဖြစ်သကဲ့သို့ လက်ဖက်မှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲတီထွင်ထုတ်လုပ်လာကြသော ကုန်စည်များစွာလည်းရှိနေပါသည်။ မြန်မာ့လက်ဖက်ရည်သည် မြန်ပြည်တလွှားရှိ လူများနှင့် မစိမ်းသောအရာဖြစ်ပေမည်။ လက်ဖက်ရည်နှင့်ပတ်သက်၍ “နာမည်ဆန်းနဲ့လက်ဖက်ရည်ဆိုင်..”အစချီသော “အလွမ်းကဖီး” ဟူသည့်တေးတစ်ပုဒ်ကိုလည်း ကြားဖူးနားဝ ရှိကြပေလိမ့်မည်။ လက်ဖက်ရည်ကို ကျစိမ့်၊ ပေါ့စိမ့်၊ ချိုစိမ့်၊ ပေါ့ကျ ဟူ၍ အမျိုးမျိုးသောက်သုံးလေ့ရှိကြသည်။ မြန်မာ့ရောင်းတမ်းဝင် ကုန်စည်များအဖြစ် ကုန်အမှတ်တံဆိပ် အမျိုးမျိုးဖြင့် အသင့်သောက်လက်ဖက်ရည်ထုပ်အမျိုးမျိုးကိုလည်း ဈေးကွက်အတွင်း တွေ့ရှိရသည်။ (ဥပမာ- Royal Myanmar Teamix ၊ Grand Palace Myanmar Teamix ၊ Sunday Teamix ၊ Yote Tae Teamix နှင့် နမ့်ဆန် Teamix အစရှိသဖြင့်..) လက်ဖက်စို၊ လက်ဖက်ခြောက်များအပြင် လက်ဖက်အဆီ နှင့် လက်ဖက်ကုန်ကြမ်းများမှ ထုတ်လုပ်သောအလှကုန်အမျိုးမျိုးကိုလည်း ဈေးကွက်အတွင်း တွေ့ရှိရ သည်။ (ဥပမာ- Green Tea Shampoo)
မန္တလေးမှ လက်ဖက်နှင့်အကြော်စုံ ဖြန့်ဖြူးရောင်းချသူများသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဝင်ရောက်လာသည့် လက်ဖက်ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ကြသည်။ လှပစွာ ထုပ်ပိုးထားသည့် ဘူးများ ၊ ကြိုးဆွဲအိတ်များသည် လက်ဆောင် ပေးရန် လူအများ မျက်စိကျစရာဖြစ်သောကြောင့် ထိုသို့သော ကုန်ပစ္စည်းများသည် အရောင်းသွက် ကြောင်းသိရသည်။ ဈေးကွက်အတွင်း ဗေဒါရွှေကြာ၊ စိန်ပလောင်၊ အရီးတောင်း၊ ရီမွန်၊ ဦးကာကနှင့် ရှမ်းရွှေတောင် စသည့် လက်ဖက်နှင့်အကြော်စုံ အရောင်းဆိုင်များသည် မျက်နှာပန်းလှသော (packaging)အသွင်ဖြင့် ရောင်းချ လျက်ရှိရာ လူကြိုက်များလျက်ရှိကြောင်းသိရသည်။
လက်ဖက်သည် တစ်နှစ်ပတ်လုံးဝင်ငွေရရှိနိုင်သော ကောင်းမွန်သည့်အလားအလာရှိ စိုက်ပျိုးရေး ထွက်ကုန်ဖြစ်သကဲ့သို့ မြန်မာမှ ကမ္ဘာအနှံ့ ဖြန့်ဖြူးပေးနိုင်သည့် အရည်အသွေးမြင့် တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်သော ရွှေရေးခြယ်သည့် အပင်ငယ်ဖြစ်သည်။ ထို့ကြောင့် လက်ဖက်လုပ်ငန်းသည် လုပ်ကိုင်သင့်သော စိုက်ပျိုးရေးလုပ်ငန်းတစ်ခု၊ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
Sources;
- လက်ဖက်စိုက်တောင်သူ၊ ဒေါ်အေးပိုင်(ရှမ်းပြည်နယ်မြောက်ပိုင်း)
- မန္တလေး)