ဝဥတူးဖော်ချိန်ရာသီကုန်ဆုံးလာမှုနှင့်အတူ ဝဥအစိုများ ရောင်းဝယ်မှု နည်းပါးလာသော်လည်း ဒေသလုပ်မီးကင် အခြောက်ခံသော တန်ဖိုးမြှင့် ဝဥခြောက်များ ဈေးကောင်းရလျက်ရှိကြောင်း နှင့် ဒေသလုပ်မီးကင်အခြောက်ခံသော ဝဥခြောက်များမှာ ယခင်နှစ်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်သာ ရရှိသော်လည်း ယခုနှစ်တွင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးဖွင့်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ဝဥအစိုကို တန်ဖိုးမြှင့် ဝဥခြောက်ရာတွင် ဝဥအစို ၆ ပိဿာလျှင် ဝဥ အခြောက်တစ်ပိဿာ ရရှိကြောင်း၊ ဝဥခြောက်ပြုလုပ်ရာတွင် နေလှန်းခြောက်ထက် မီးကင်ခြောက်များမှာ အရောင်အဆင်းပိုလှကြောင်းနှင့် မီးကင် ဝဥခြောက်ပြုလုပ်ပုံမှာ အဆင့် (၄) ဆင့် ရှိပြီး ပထမ အဆင့်အနေဖြင့် ဝဥအစိုကုန်ကြမ်းများကို ရေစင်အောင်ဆေးကြောခြင်း၊ ဒုတိယအဆင့် ရေဆေးပြီးဝဥများကို အခွံစင်အောင်ခြစ်ထုတ်ခြင်း ၊ တတိယအဆင့်အနေဖြင့် အခွံခြစ်ပြီး ဝဥများကို လက်တစ်လုံးခန့် ဓားဖြင့် လှီးဖြတ်ခြင်း၊ စတုတ္ထအဆင့်အနေဖြင့် ဓားဖြင့်လှီးဖြတ်ပြီး ဝဥများကို သီတံဖြင့်သီ၍ ဒေသလုပ်ပေါင်းဖိုတွင် မီးသွေးမီးငွေ့ငွေ့ဖြင့် အပူပေးအခြောက်ခံခြင်း ပြုလုပ်ကြောင်း သိရသည်၊၊ ကရင်ပြည်နယ် ဒေသထွက်ဝဥများမှာ ဂလူကိုမန်တန်ဓာတ် ပါဝင်မှုများသောကြောင့် ကုန်သည် /ဝယ်လက်များ ကြိုက်သော ဒေသထွက်ကုန်တစ်ခုဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)