Main menu

သတိပြုသင့်သည့်စားသောက်ကုန်များ၏သက်တမ်းလွန်ရက်စွဲများ

Powered by Drupal

ခေတ်မီတိုးတက်လာသောယနေ့ခေတ်တွင် စားသောက်ကုန်သက်တမ်းဆိုသည်မှ ဈေးကွက်သို့တင်သွင်းရောင်းချရန် ထုတ်ပိုးပြီးသော စားသောက်ကုန်များ၏ သဘောသဘာဝအရ ရေခဲသေတ္တာတွင်လည်းကောင်း၊ အခန်းအပူချိန် တွင်လည်းကောင်းသိုလှောင်ထားနိုင်ပြီး မိမိတို့ရည်ရွယ်သတ်မှတ်ထားသည့် အခြေအနေ အောက်တွင် မူလအရည်အသွေး အတိုင်းထိန်းထားနိုင်သည့် ကာလတစ်ခုဟု ဆိုပါသည်။ စားသောက်ကုန်သက်တမ်းကို ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်မှုနည်းစဉ်များ၊ ထုတ်ပိုးပစ္စည်းများနှင့် ထားသိုသိမ်းဆည်းသည့်အခြေအနေများပေါ် မူတည်၍ သတ်မှတ်ပေးနိုင်ပါသည်။  မိမိတို့သတ်မှတ် ပေးထားသော သက်တမ်းကာလအတွင်း မူလအရသာ၊ ပုံသဏ္ဍာန်၊ အနံ့၊အရောင်နှင့် အဟာရတန်ဖိုးများ ပြောင်းလဲသွားခြင်းမရှိရပါ။ သက်ဆိုင်ရာထုတ်ကုန်အလိုက် အသုံးပြုရန် သတ်မှတ်ထားသော ကာလအတွင်း အရည်အသွေးပြောင်းလဲသွားပြီး စားသုံးသူကို ဘေးအန္တရာယ်မဖြစ်ပေါ်စေရန် အရေးကြီးသကဲ့သို့ မိမိတို့လုပ်ငန်း၏ နာမည်ဂုဏ်သတင်း ကျော်ဇောမှုအတွက်လည်း စားသောက်ကုန်သက်တမ်းကို တိတိကျကျသတ်မှတ်ပေးရန်မှာ လုပ်ငန်းရှင်တိုင်း၏ အဓိကတာဝန်တစ်ရပ် ဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဥပဒေတွင်လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသင့်ထုတ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့်ကြော်ငြာစာအမှတ်(၈/၂၂)အရလည်းကောင်း အစားအစာ များတွင် အမှတ်တံဆိပ်ဖော်ပြရာ၌ ပါဝင်ရမည့်အချက်များကို အတိအလင်းဖော်ပြလျက်ရှိရာ စားသောက်ကုန်သက်တမ်းဖော်ပြချက်သည် တစ်ချက်အပါအဝင်ဖြစ်ပေသည်။

စားသောက်ကုန်သက်တမ်းအတိအလင်းဖော်ပြခြင်းဖြင့် မိမိကုန်အမှတ်တံဆိပ်ကို ထိန်းသိမ်းနိုင်ခြင်း၊ မိမိတို့ထုတ်လုပ်သည့်စားသောက်ကုန်နှင့်ပတ်သက်ပြီး အာမခံချက်ပေးနိုင်ခြင်း၊ ဥပဒေကိုလိုက်နာခြင်းစသည့် အကျိုးကျေးဇူးများရှိနိုင်သလို စားသုံးသူများကိုလည်း ဘေးအန္တရာယ် ကင်းရှင်းစွာသုံးစွဲစေနိုင်ခြင်း၊ အစားအစာများ လေလွင့်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ခြင်း၊ စားသုံးသူ၏ ယုံကြည်မှုများပိုမို ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါသည်။

စားသောက်ကုန်သက်တမ်းသည် ထုတ်လုပ်သူအတွက်သာမက စားသုံးသူအတွက်ပါ အရေးပါသည့်အချက်ဖြစ်ပါသည်။ ဥပမာ-သွင်းကုန်သိုလှောင်သူများအနေဖြင့်လည်း စားသောက် ကုန်၏ သက်တမ်းကို စိစစ်ပြီး First In First Outစနစ်ကို လိုက်နာခြင်းဖြင့် ကုန်ပစ္စည်း၏ အရည်အသွေးကို ထိန်းသိမ်းနိုင်သကဲ့သို့ ချက်ချင်းအသုံးမပြုသေးဘဲ သိုလှောင်ထားမိပါက ပုတ်သိုးဆွေးမြေ့ပြီး လေလွင့်ပျက်စီးဆုံးရှုံးမှုမှလည်း ကာကွယ်နိုင်မှာဖြစ်ပါသည်။ သက်တမ်း ကျော်လွန်သွားသော အစားအသောက်များမှာ ဘက်တီးရီးယား (Salmonella, E.coli, Listeria )၊ မှို၊ ရီးစ်များ ပေါက်ပွားလာပြီး လူတို့သတိမမူပဲ စားသုံးမိပါက အစာအိမ်ရောင်ရမ်းခြင်း၊ အစာအဆိပ် သင့်ခြင်း၊ ဖျားခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း စသည့် ရောဂါများခံစားရစေနိုင်ပါသည်။  ထို့အပြင် စည်သွပ်ဗူးများတွင် Botulism toxin များ ပါဝင်နိုင်သဖြင့် သက်တမ်းကုန်သော စည်သွပ်ဗူးများကို စားသုံးမိပါက သွေးတွင်းစီးဆင်းမှု ပြဿနာနှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းစသည့် ဆိုးကျိုးများကိုပါ ဖြစ်ပွားစေနိုင်ပါသည်။

အဆိုပါဆိုးကျိုးများရှိနိုင်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်သက်တမ်းကို မဖြစ်မနေဖော်ပြရန်တာဝန်ရှိပေသည်။ မြန်မာနိုင်ငံရှိအများစုသော လုပ်ငန်းရှင်များသည် စားသောက်ကုန် သက်တမ်းကို Manufacturing/Expired Dateဖြင့်လည်းကောင်း၊Use By date, Best Before ဖြင့်လည်းကောင်းဖော်ပြ ထားသည်ကိုတွေ့ရှိရပါသည်။ ပုတ်သိုးလွယ်သော အစားအစာများ (အသားအစို/နွားနို့)ကို use by dateဖြင့်ဖော်ပြကြပြီး ပေါင်မုန့်ကဲ့သို့သော အစားအစာများကို Best Beforeဖြင့် ဖော်ပြလေ့ရှိကြသည်။  Best Before Date ဖြင့်ဖော်ပြ ထားသော စားသောက်ကုန်များသည် ဖော်ပြပါရက်စွဲထက်ကျော်လွန်ပြီးစားသုံးပါက အန္တရာယ်ကင်းနိုင်သော်လည်း အဟာရ အပြည့်အဝရနိုင်မှာမဟုတ်ပေ။ မိမိထုတ်ကုန်အလိုက် သက်တမ်းကုန်ရက်စွဲကို တတ်သိနားလည် သည့်ပညာရှင်များနှင့်တိုင်ပင်ပြီး use By date ဖြင့်သော်လည်းကောင်း၊ Best Befor ဖြင့်သော်လည်းကောင်း၊Expired Dateဖြင့်သော်လည်းကောင်း ဖော်ပြနိုင်ပါသည်။ Expierd Dateဖြင့်ဖော်ပြထားသော်စားသောက်ကုန်များသည် သတ်မှတ်ရက် မတိုင်မီတွင်သာ စားသုံးရန်နှင့် သက်မှတ်ရက်စွဲတွင် စားသုံးရန်မသင့်သော အခြေအနေသို့ ရောက်ရှိနေပြီး ဖော်ပြပါရက်စွဲထက်ကျော်လွန်၍သုံးစွဲပါက စားသောက်ကုန်အရည်အသွေး ပျက်စီးကာစားသုံးသူကို ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ Use By Date ဖြင့်ဖော်ပြခြင်းသည် ဖော်ပြပါရက်စွဲထိ စားသုံးနိုင်ပြီး Best Before Date ဖြင့်ဖော်ပြခြင်းသည် ဖော်ပြပါရက်စွဲ အတွင်းသုံးစွဲပါက မူလအရည်အသွေးအတိုင်းအပြည့်အဝရရှိနိုင်ပြီး ကျော်လွန်သုံးစွဲပါက မူလအရည်အသွေးများအပြည့်အဝရရှိနိုင်ခြင်းမရှိသော်လည်း စားသုံးသူကို ဘေးဥပါဒ်မဖြစ်စေ နိုင်ကြောင်း လေ့လာသိရှိရပါသည်။

စားသောက်ကုန်များ သက်တမ်းမလွန်ခင်ပျက်ဆီးရခြင်းမှာ စားသောက်ကုန်အတွင်း မှိုပေါက်ပွားခြင်း၊ ဘက်တီးရီးယားများဝင်ရောက်ခြင်းတို့ကြောင့်လည်းကောင်း၊ ပတ်ဝန်းကျင် အပူချိန်ကြောင့်လည်းကောင်း၊ စားသောက်ကုန်ထုတ်လုပ်သည့်နေရာတွင် ကြွက်၊ ယင်၊ ပိုးဟပ် စသော Pest များဝင်ရောက်ခြင်းကြောင့်လည်းကောင်း ဖြစ်စေပါသည်။ ထို့ကြောင့် စားသောက်ကုန် လုပ်ငန်းများအနေဖြင့် Good Hygiene Practices စနစ်ကို ကျင့်သုံးဖို့လည်း အထူးလိုအပ်ပါသည်။

ဟင်းသီးဟင်းရွက်နှင့်အသားငါးများသည် ၂၁ဒီဂရီဆယ်စီးယပ်တွင် ၂ ရက် သက်တမ်း ရှိသော်လည်း မုံလာဥနီကဲ့သို့သောဥများ၊ အသီးအနှံများသည် ၂၁ဒီဂရီဆယ်စီးယပ်တွင် ၁-၇ ရက်ထိ သက်တမ်းရှိကြပြီး ငါးခြောက်များနှင့်ခြောက်သွေ့အောင်အခြောက်ခံထားသောအစေ့အဆံများသည် ၃၆၀ရက်ထက်ကျော်သည်အထိ သက်တမ်းရှိကြပေသည်။ ရေခဲသေတ္တာအတွင်းထားသိုသော စားသောက်ကုန်များအနေဖြင့် အပူချိန်မှန်ကန်စွာထိန်းသိမ်းထားနိုင်ပါက စားသောက်ကုန် သဘာဝပေါ်မူတည်ပြီး သက်တမ်းကာလများကွဲပြားနိုင်ကြောင်း လေ့လာသိရှိရပါသည်။

စားသောက်ကုန်သက်တမ်းကိုသတ်မှတ်ရန်အတွက်အရေးကြီးဆုံးအချက်မှာ ကုန်ကြမ်းရ ယူသည့် စိုက်ကွင်းမှသည် စားပွဲပေါ်ရောက်သည်အထိ Farm to Falk အဆင့်ဆင့် Supply Chain တစ်လျောက်တွင် ဘေးကင်းရေးစည်းမျည်းစည်းကမ်းများအတိုင်း ဆောင်ရွက်မှုရှိ/မရှိ၊ စားသောက်ကုန် ထုတ်လုပ်မှု နည်းစဉ်များမှန်ကန်မှုရှိ/မရှိ၊ ထည့်သွင်းအသုံးပြုသည့် ဖြည့်စွက် ပစ္စည်းများ မှန်ကန်တိကျမှုရှိ/မရှိနှင့် ကုန်စည်များထားသိုသိမ်းဆည်းမှုမှန်ကန်မှုရှိ/မရှိ စသည့် အချက်များကို စိစစ်နိုင်ရန်လိုအပ်ပါသည်။အဆိုပါ လုပ်ငန်းစဉ်အဆင့်တစ်ခုခုတွင် အမှားအယွင်း ဖြစ်ပေါ်ပါက စားသောက်ကုန်များ သက်တမ်းမကုန်ခင် ပျက်ဆီစေနိုင်ပါသည်။ထို့ကြောင့် မိမိ ထုတ်ကုန်များ ပျက်စီးစေနိုင်သည့်အကြောင်းအရာများကို သိရှိအောင် လေ့လာထားရန် လိုအပ် ပါသည်။

          စားသောက်ကုန်သက်တမ်းကို သတ်မှတ်ရာတွင် မိမိတို့ထုတ်လုပ်သည့် ထုတ်ပိုးပြီးသော ကုန်ချော၏ သက်တမ်းကိုဆိုလိုခြင်းဖြစ်သည့်အတွက် ထုတ်ပိုးပစ္စည်းမှန်ကန်အောင် ရွေးချယ်နိုင်ဖို့ လည်းလိုအပ်ပါသည်။ စားသောက်ကုန်သက်တမ်းကို တိုက်ရိုက်တိုင်းတာဖော်ပြသည့် စက် ပစ္စည်းကရိယာများမရှိပါ၊ စားသောက်ကုန်သက်တမ်းကို အမျိုးအစားပေါ်မူတည်ပြီး ၆လ မှ ၁ နှစ် အထိအများဆုံးသတ်မှတ်ပေးလေ့ရှိကြသည်။ ဓါတ်ခွဲခန်းများသို့ ပေးပို့ပြီး ဓါတ်ခွဲခန်းမှ သတ်မှတ် ပေးသော parametersများအား ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်စသဖြင့် စစ်ဆေးခြင်းဖြင့် မိမိ ထုတ်ကုန်၏သက်တမ်းကို  လေ့လာသတ်မှတ်နိုင်ပါသည်။  ဓါတ်ခွဲခန်းရလဒ်များအပြင် စားသောက် ကုန်၏ အမျိုးအစားပေါ် မူတည်ပြီး ပါဝင်ပစ္စည်းအချိုးအစားမှန်ကန်မှု၊ ထုတ်လုပ်မှုနည်စဉ်မှန်ကန်မှု (တစ်သတ်မတည်း)၊ သိုလှောင်ထိန်းသိမ်းမှုအနေအထား၊ (အချိန်၊အပူချိန်၊စိုထိုင်းစ စသည်)၊ သယ်ယူပို့ဆောင်မှု၊ ပတ်ဝန်းကျင်အပူချိန်နှင့်လေထုစိုထိုင်းဆများ၊ ပိုးမွှားကျရောက်နိုင်မှုများ စသည့်အချက်များကို လည်း ထည့်သွင်းစဉ်းစားသုံးသပ်ရန်လည်းလိုအပ်ပါသည်။စားသောက်ကုန်ကို အချိန်ကာလတစ်ခု သတ်မှတ်ပြီး စားသောက်ကုန်၏ သတ်မှတ်အရည်အသွေးပြောင်းလဲမှုကို ဓါတ်ခွဲစစ်ဆေးပြီးမှသာ စားသောက်ကုန်၏သက်တမ်းကို သိရှိနိုင်မှာဖြစ်ပါသည်။

စားသောက်ကုန်သက်တမ်းကို ဓါတ်ခွဲစမ်းသပ်ရာတွင် အများအားဖြင့် အစားအစာထဲရှိ ဓါတုပစ္စည်းများ(pH, Acidity,Oxidation )ပြောင်းလဲခြင်းကို စစ်ဆေးခြင်း(Chemical Testing)၊ ပိုးမွှားများပေါက်ပွားခြင်း(Yeast,Bacteria, aW, moisteure,temperature,E.coli,etc.)ကို စစ်ဆေးခြင်း(Microbiological Testing)နှင့် အနံ့၊အရသာ၊ ပုံသဏ္ဍာန်ပြောင်းလဲခြင်းကို စမ်းသပ် စစ်ဆေးခြင်း(Sensory Evaluation)တို့ ကို စစ်ဆေးလေ့ရှိပါသည်။  စားသောက်ကုန်၏ aW,pHနှင့် အပူချိန်ပေါ်မူတည်ပြီး စားသောက်ကုန်များပျက်စီးနိုင်သဖြင့် Molds, Yeasts and Bacteria များပေါက်ပွားနိုင်သည့် ပမာဏအောက်တွင် စားသောက်ကုန်များကို ထုတ်လုပ်ရပါသည်။ သက်တမ်းကုန်ဆုံးနေသော စားသောက်ကုန်များကို စားသုံးမိပါက ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ယားယံခြင်း၊နာမကျန်းဖြစ်ခြင်းအပြင် သေဆုံးနိုင်သည့်အခြေအနေများပါက ကြုံတွေ့ရနိုင်သဖြင့် စားသောက်ကုန်ထုတ်လုပ်သူများအနေဖြင့် မိမိစားသောက်ကုန်၏ သက်တမ်းကိုဖော်ပြရန်အထူးလိုအပ်ပါသည်။ စားသောက်ကုန်သက်တမ်းများထည့်သွင်း ဖော်ပြခြင်း ဖြင့် ဥပဒေကိုလိုက်နာရာရောက်သည့်အပြင် မိမိကုန်ပစ္စည်းအတွက် သတ်မှတ်ကာလအတွင်း ကောင်းမွန်သောအရည်အသွေးရရှိရန် အာမခံပေးပြီး စားသုံးသူအားဘေးကင်းစေသည့်အတွက် မိမိ၏ဂုဏ်သတင်းထိန်းသိမ်းရာလည်းရောက်ပေသည်။ စားသုံးသူများမှလည်း မိမိတို့ဝယ်ယူသည့် စားသောက်ကုန်၏ သက်တမ်းကို သေချာရွေးချယ်ပြီးမှ ဝယ်ယူသုံးစွဲခြင်းဖြင့် ကျန်းမာပျော်ရွှင်သော လူမှုဘဝကို ရရှိစေရန် ရည်ရွယ်ရေးသားမျှဝေလိုက်ပါသည်။

DOCA(မန္တလေး)