Main menu

အရေးကြီးဝန်ဆောင်မှု Online Sales နှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များအကြောင်း တစ်စေ့တစ်စောင်း

Powered by Drupal

ယခင်က လူသားများသည် ငွေကြေးများသတ်မှတ်သုံးစွဲမှု ပုံစံမရှိသေးသည့်အတွက် (၁၉)ရာစု လောက်မှစတင်၍ ကုန်စည်များကိုဖလှယ်၍သုံးစွဲသည့်စနစ်အား စတင်သုံးစွဲလာကြပါတယ်။ ယင်း နောက်ပိုင်းတွင် ငွေကြေးသုံးစွဲမှုများရှိလာသည့်အခါ ကုန်စည်များကို သတ်မှတ်ငွေကြေးများဖြင့် မျက်မြင် စိတ်ကြိုက်ရွေးချယ်ပြီး ဝယ်ယူလာကြပြန်ပါတယ်။ ယင်းကဲ့သို့သော အခြေအနေများ ထွန်းကားလာသည့် အလျှောက် ဈေးကြီးများ၊ Super Market များ နှင့် Shopping center များမှာလည်း ကမ္ဘာအနှံ့ခေတ်မီစွာ ပေါ်ထွက်လာခဲ့ပါတယ်။ သို့သော်ငြားလည်း ၂၀၁၉ ခုနှစ် မှစ၍ ကမ္ဘာ့နေရာအနှံ့ ဖြစ်ပွားနေသော ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အများပြည်သူတို့အကြား  တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင်ကြရသည့် ဖြစ်စဉ်များကြောင့် အီလက်ထရွန်နစ် ကုန်သွယ်ရေး (E-Commerce)လုပ်ငန်းများ၊ အွန်လိုင်းဈေးဝယ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။

အလားတူပင် မြန်မာနိုင်ငံ၌လည်း ကိုဗစ်ကာလတွင်  Online မှ တစ်ဆင့် ဈေးရောင်းဝယ်မှုလုပ်ငန်း များ မြင့်တက်လာခဲ့တယ်လို့ပြောလို့ရပါတယ်။ ကိုဗစ်ကာလအတွင်း အလုပ်အကိုင် ရပ်နားထားရမှု အခြေအနေ များကြောင့် အနုပညာရှင်အချို့ပင် Online ရောင်းဝယ်ရေးဈေးကွက် အခြေအနေသို့ ရောက်ရှိ လာသကဲ့သို့ Onlineပေါ်တွင်  အသေးအမွှားကုန်စည်များသာမက တန်ဖိုးကြီးစိန်ရွှေရတနာများအထိ ရောင်းချမှုများ ဆောင်ရွက်လာကြတာကိုလည်း စာဖတ်သူတို့အားလုံးလည်း သိမြင်ကြလိမ့်မည်ဟုလည်း စာရေးသူအနေဖြင့် ယုံကြည်ပါတယ်။ ဒီလို Online Sales ရောင်းဝယ်မှုများ တိုးတက်လာသည့် အခြေအနေ မျိုးတွင်စားသုံးသူတွေရဲ့ လိုလားချက်တွေအပေါ်မူတည်ပြီးတော့ Online ပေါ်တွင် လိမ်လည်မှုများ ပေါများလာပါ တော့တယ်။ ဘယ်လိုလိမ်ညာမှုတွေအများဆုံးလည်း ဆိုတော့ Online  ပေါ်တွင်  လိပ်စာနှင့် ဖုန်းနံပါတ်များ အတိအကျ ဖော်ပြထားခြင်းမရှိသည့် Facebook  Page   အတုများဖြင့် ဈေးရောင်းချကာ ငွေကြိုလွှဲခိုင်းပြီး ငွေလွှဲရရှိပြီးပါက  Block   သွားခြင်း (သို့မဟုတ်) အဆက်သွယ်ဖျက်တောက်လိုက်ခြင်းမျိုးပါ ဒီလိုလိမ်လည် ခံရမှုမျိုးက စားသုံးသူအများဆုံး ကြုံတွေ့နေရတာပါ။ နောက်ထပ်လိမ်လည်မှုတစ်မျိုးကတော့ ကိုယ်ရောင်းချနေသည့် Online Page သည် နာမည်ကြီးလူကြိုက်များလာပါက မိမိဈေးရောင်းချနေသည့် Online Account သို့မဟုတ် Facebook  Page    တို့အား မသာသူတို့က အတုပြုလုပ်၍ စားသုံးသူများထံ ငွေကြေးလိမ်လည်မှုများ ဆောင်ရွက်နေခြင်းမျိုးပါ ဒီလိုလိမ်လည်မှုမျိုးကတော့လုပ်ငန်းရှင်တွေ အများဆုံးရင်ဆိုင်နေရတယ် ဆိုရင်လည်း မှားမည်မထင်ပါ။ နောက်ထပ်မတူညီတဲ့လိမ်လည်နည်းတစ်မျိုးကတော့ Online ပေါ်တွင် Post တင်၍ ရောင်းချသောပစ္စည်းနှင့် အမှန်တစ်ကယ်ရောက်ရှိလာသည့်ပစ္စည်းများမှာ မတူညီဘဲအရည်သွေး နိမ့်နေသည့် ပစ္စည်းများကို စားသုံးသူ ထံပေးပို့၍ လိမ်လည်ရောင်းချနေခြင်းမျိုးပါ။ နောက်ဆုံး လိမ်လည်မှုတစ်မျိုးကတော့ အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ် ဘာလို့လဲဆိုတော့ တားမြစ်ထားသော ကုန်စည်များ၊ ဆေးဝါးများ နှင့် အလှကုန်များအား လိပ်စာနှင့် ဖုန်းနံပါတ်များ မပါရှိသည့် Page အတု များဖြင့် လိမ်လည် ရောင်းချနေခြင်းတို့ကြောင့် စားသုံးသူအချို့မှာ အသက်ဆုံးရှုံးရသည့် အခြေအနေမျိုးတွေပါ ရင်ဆိုင် လာရတာမျိုးတွေ ရှိလာလို့ ဒီလိမ်လည်မှုမျိုးကတော့ အရေးကြီးတယ်လို့ စာရေးသူအနေဖြင့် သုံးသပ်လိုက်ရခြင်း ဖြစ်ပါတယ်။ စာဖတ်သူများ နားလည်လွယ်အောင် ဥပမာအနေနဲ့ ရှင်းပြရင်တော့ Online ပေါ်တွင်ဖွင့်လှစ်ထားသော Page အတု တစ်ခုသည် ကိုယ်ဝန်ဖျက်ချဆေးများအား တရားဝင်အသိအမှတ်ပြုဆေးသဖွယ် ကြော်ငြာအား ကောင်းကောင်း ဖြင့် ရောင်းချခဲ့ပြီး အဆိုပါဆေးကို မသိနားမလည်ဘဲ သုံးစွဲခဲ့သည့် အမျိုးသမီးမှာ အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်မျိုးဖြစ်ပေါ်ခဲ့ပြီး ယင်းအခြေအနေကို စာရေးသူကိုယ်တိုင် နှင့် သက်ဆိုင်ရာ FDA ၏ Online စောင့်ကြည့်ရေး Team တို့ဖြင့်ပူးပေါင်း၍ နောက်ကြောင်း ပြန်ခြေရာခံစုံစမ်း ဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆို နောက်ကြောင်းပြန် ခြေရာခံလိုက်ဖို့ခက်ခဲ ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ လိမ်လည်သူများသည် လိမ်လည်မှု ဆောင်ရွက်ရန်အတွက် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် Facebook Page နှင့် Account များအား ဖွင့်လှစ်ထားခြင်းကြောင့် ၎င်းတို့အားခြေရာခံနိုင်သည့် လိပ်စာ၊ ဖုန်းနံပါတ် အပါအဝင် အခြားသော အချက်အလက်များ အားလုံးကိုဖျောက် ထားခြင်း (သို့မဟုတ်) ဖော်ပြထားမှု မရှိခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။ ထို့အပြင် ၎င်းတို့၏ Page နှင့် Account အတု များအား အလွယ်အတူခြေရာ မခံနိုင်စေရန်အတွက် ပုံစံတူ Page နှင့် Account အတုများစွာကိုလည်း ဖွင့်လှစ်ထား တက်ကြ ပါသေးတယ်။

ယခုလို အခြေအနေများကို ထိန်းချုပ်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် Online Sales ရောင်းဝယ်မှုများကို အရေးကြီး ဝန်ဆောင်မှုအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အမိန့်ကြော်ငြာစာ နှင့် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခွင့်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကုန်သွယ်ရေးဦးစီးဌာနအား အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၂၃)ဖြင့် အာဏာအပ်နှင်း ထားသည့်အတွက် ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့်  Online  မှတစ်ဆင့်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်သည့် E-Commerce  Registration Syatem (eComReg System) အားတည်ထောင်၍ http://www.ecomreg.gov.mm မှတစ်ဆင့်ဝင်ရောက်၍ Online Sales ရောင်းဝယ်မှုလုပ်ငန်းများ မှတ်ပုံတင်နိုင်အောင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် Online အသုံးပြု၍ ဆောင်ရွက်ရသည့် Social media များဖြစ်သည့် Facebook Page၊ Youtube၊ Wechat၊ Line၊ Whatsapp၊ Tiktok၊ Instagram တို့အပြင် Mobile application၊ website တို့မှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို ဦးတည်ရောင်းချနေသည့် မည်သည့် စီးပွားရေး လုပ်ငန်း မဆို Online Sales မှတ်ပုံတင်ခြင်းလုပ်ငန်းကို မဖြစ်မနေလုပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်ပိုင်ထုတ်လု်ပသည့် ကုန်ပစ္စည်းကိုသော်လည်းကောင်း၊ ကြော်ငြာရှင်များလာရောက်အပ်နှံထားသည့် ကုန်စည်များကိုသော်လည်းကောင်း မိမိတို့ဖွင့်လှစ် ထားသော Social media Account များမှ တစ် ဆင့် ကြော်ငြာခြင်းများဆောင်ရွက်နေသည့် Influencer များအနေဖြင့်လည်း Online Sales မှတ်ပုံ တင်ခြင်း ကို ဆောင်ရွက်ထား ရမှာဖြစ်ပါတယ်။ Online Sales လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင် များအနေဖြင့် မှတ်ပုံတင်ထားခြင်း မရှိဘဲ ရောင်းချနေပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည် ဖြစ်ပါတယ်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် “အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်း မှတ်ပုံတင်ဆိုင်ရာအမိန့်” ကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ အမိန့်ကြော်ငြာစာ၏ အခန်း(၃) အပိုဒ် ၇(ခ)တွင် “မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ကုန်သွယ်ရေးဦးစီးဌာနသည် စားသုံးသူရေးရာဦးစီးဌာနနှင့် ညှိနှိုင်း၍ မြေပြင်အခြေအနေ စစ်ဆေးခြင်းများကို ဆောင်ရွက်ရမည်” ဟု ဖော်ပြထားသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မှတ်ပုံတင် ထားသည့် အချက်အလက်များသည် မြေပြင်တွင် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ရှိလာပါတော့တယ်။ ဒါကြောင့် ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့်လည်း “အွန်လိုင်း စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင် လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့် အရေးယူ ခြင်း ကိစ္စရပ် များနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်( SOP)” ကိုလည်း ရေးဆွဲပြဌာန်း လိုက်ပါတော့တယ်။

အဆိုပါ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ၏ အခန်း(၃) အပိုဒ်၇(ခ) နှင့် SOP တို့တွင် ဖော်ပြ ထားသော တာဝန်များအရ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အဓိက တာဝန်ကြီး(၃)ရပ် ကို ဆောင်ရွက်ရပါတယ်။ ပထမ တာဝန်တစ်ရပ်ကတော့ စီးပွားရေးလုပ်ငန်းရှင် များက ၎င်းတို့ရောင်းချလုပ်ကိုင်မည့် Online Sales လုပ်ငန်းများအား eComReg System မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့် အချက်အလက်များမှာ မြေပြင်မှန်ကန် မှုရှိ/မရှိ နှင့် ၎င်းတို့ရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကိုပါ တစ်ပါတည်း စုံစမ်းစစ်ဆေးပြီး အချက် အလက်များကို eComReg System ထဲသို့ Data များပေးပို့ရသော တာဝန်ဖြစ်ပါတယ်။ စာရေးသူတို့ စားသုံးသူရေးရာဦးစီးဌာနက စစ်ဆေးရေး အရာရှိများက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ပေးပို့လိုက်တဲ့ အဆိုပါ အချက်အလက်များအပေါ် စစ်ဆေးပြီးမှသာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း(သို့မဟုတ်) မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းအား ပယ်ချခြင်း စသည့်လုပ်ဆောင်ချက်များကို ကုန်သွယ်ရေးဦးစီးဌာနက ဆက်လက်ဆောင်ရွက်ရ  မှာဖြစ်ပါတယ်။ ဒုတိယ တာဝန် တစ်ရပ်ကတော့ Online Sale မှတ်ပုံတင်လက်မှတ်ရရှိပြီးသားစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်မည့် တာဝန်များ ပျက်ကွက်ခြင်း ရှိ/မရှိ ကိုစစ်ဆေးရခြင်း ဖြစ်ပါတယ်။ ဒီအပိုင်းကလည်း အရေးကြီး တယ်လို့ဆိုနိုင်ပါတယ်။ မှတ်ပုံတင်လက်မှတ်ရရှိထားသူရဲ့ အဓိကတာဝန်ဖြစ်တဲ့ ရောင်းချနေတဲ့ ကုန်စည်/ဝန်ဆောင်မှုအပေါ် တာဝန်ယူဖြေရှင်း နိုင်ခြင်း ရှိ/မရှိ၊ အရောင်းပြေစာပေးအပ်ခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်ကမပါတဲ့ ကုန်စည်များကိုရောင်းချနေခြင်းမျိုး ရှိ/မရှိ၊ ငွေပေးချေသည့် နည်းလမ်း(သို့) ကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား ရှင်းလင်းစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ ကုန်ပစ္စည်းကိုဝယ်ယူသွားပြီး နောက်ပိုင်း တွင် စားသုံးသူမှမနှစ်သက်ပါက ပြန်လည်အပ်နှံနိုင်သည့်အချိန်ကာလ (သို့မဟုတ်)ဖြေရှင်းရမည့်နည်းလမ်းများအား ဖော်ပြ ထားခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်အားအခြားသူများထံသို့ ထပ်ဆင့်လွှဲအပ်ထားခြင်း ရှိ/မရှိ၊ စားသုံးသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအားထိန်းသိမ်းထားမှု ရှိ/မရှိ နှင့်  အခြားဌာနဆိုင်ရာများမှ သတ်မှတ်ထားသော စည်းကမ်းသတ်မှတ်ချက် များအား လိုက်နာခြင်းရှိ/မရှိ၊ ကုန်ပစ္စည်းနှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပွားပါကလည်း တာဝန်ယူမှု နှင့် တာဝန်ခံမှု ရှိ/မရှိ စသည့် အချက်အလက်များကိုလည်း စစ်ဆေးဆောင်ရွက်ရပါတယ်။ ဒီအချက်အလက်များကို ကျူးလွန်ကြောင်းတွေ့ရှိရရင်တော့ “မှတ်ပုံတင် လက်မှတ်အား ပယ်ဖျက်ခြင်း (သို့မဟုတ်) ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း” တို့ကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သို့သော် စစ်ဆေးနေသည့် ကုန်စည်များထဲတွင်ရောင်းချရန်ခွင့်မပြုထားသောကုန်စည်(သို့မဟုတ်)တားမြစ်/ကန့်သတ်ကုန်စည်များ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာတည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တတိယ တာဝန်ကတော့ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့ကို မြေပြင်တွင် စစ်ဆေး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက် နေသည်ကို တွေ့ရှိရ ပါကအဆိုပါလုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။       

ယခုကဲ့သို့ ကလေးမှအစ လူကြီးအဆုံး Social Media အား OnLine ပေါ်တွင် တွင်တွင် ကျယ်ကျယ်အသုံးပြုနေသည့် ခေတ်ကြီးတွင် စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ ထုတ်လုပ်/ တင်ပို့ ရောင်းချလိုက်သည့် ကုန်စည်များကို ဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် Social Media များအား နည်းပေါင်းစုံဖြင့် အသုံးပြုလာကြပါတယ်။ ထို့ကြောင့် OnLine ပေါ်ရှိ Social Media များအား အသုံးပြု၍ အွန်လိုင်းပေါ်မှ တစ်ဆင့်ရောင်းဝယ်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် စီးပွားရေးလုပ်ငန်းရှင် များ အနေဖြင့် Online Saleလုပ်ငန်း မှတ်ပုံတင် ခြင်းများကို ဆောင်ရွက်ထားကြရန်အတွက် တိုက်တွန်းလိုပါ ကြောင်း နှင့် မှတ်ပုံတင်ဆောင်ရွက် ထားပါက စားသုံးသူများ၏ ယုံကြည်စိတ်ချမှုကိုရသော လုပ်ငန်းအဖြစ် အခြေတည်ရပ်တည်နိုင်မှာ ဖြစ်သကဲ့သို့ လိမ်လည်သူများမှ မိမိတို့၏လုပ်ငန်း Account များအား အတုပြုလုပ်၍ ဂုဏ်သိက္ခာပိုင်းညှိုးနွမ်းအောင် ဆောင်ရွက်လာမှုများ ရှိလာပါကလည်း ဥပဒေနှင့် အညီ အကာအကွယ်ရရှိနိုင်မှာ ဖြစ်ပါတယ်။ စားသုံးသူများအနေဖြင့်လည်း Online ပေါ်မှဈေးဝယ်မည် ဆိုပါက Online Sales မှတ်ပုံတင်လက်မှတ်ရရှိထားသည့် Page နှင့် Account များ ထံမှဝယ်ယူခြင်းဖြင့် လိမ်လည်မှု များမှ ရှောင်ရှားနိုင်မည်ဖြစ်သကဲ့သို့ စားသုံးသူနစ်နာမှုများ ရှိလာပါကလည်း လုပ်ငန်းရှင်များမှ တာဝန်ယူမှုတာဝန်ခံမှု  အပြည့် ရှိစွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုကိုလည်း လက်ခံရရှိမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြခြင်းဖြင့် အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသည့် Online Sales လုပ်ငန်းများ မှတ်ပုံတင်ခြင်းစနစ် နှင့်ဆက်နွယ်နေသည့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များ အကြောင်းတစ်စေ့ တစ်စောင်းအား အများပြည်သူများ သိရှိနိုင်စေရန်အတွက် မျှဝေတင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)