သရက်သီးသည် အပူပိုင်းဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အသီးမျိုးဖြစ်ပြီး မြန်မာပြည်အတွင်း ဒေသအလိုက် သရက်သီးအမျိုးအစား အမျိုးမျိုးတွေ့ရှိရပါသည်၊ အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်သည့်သရက်သီး၏ အနံ့အရသာမှာ ထူးကဲကောင်းမွန်ခြင်းကြောင့် “ အသီးမှာသရက်၊ အရွက်မှာ လက်ဖက်၊ အသားမှာဝက် ” ဟူ၍ပြောစမှတ်ပြုကြပါသည်။
သရက်သီးသည် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပြီး အစိမ်းစားလျှင် အချဉ်ဓါတ်ရရှိပြီး အမှည့်စားလျှင် အချိုဓါတ်ရရှိခြင်းကြောင့် အချိုဓါတ်နှင့်အချဉ်ဓါတ် (၂)မျိုးစလုံးတစ်ပြိုင်တည်း ပေးစွမ်းနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပါသည်။သရက်သီးသည် အရသာရှိယုံမျှသာမက ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေသော ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ကယ်စီယမ် အစရှိသည့် အာဟာရဓါတ်များပါဝင်သည့်အပြင် အလွယ်တကူချေဖျက်နိုင်သည့် အမျှင်ဓါတ် (၄၀)ရာခိုင်နှုန်းလည်းပါဝင်ပါသည်။ သရက်သီးသည် အသီးသာမက အရွက်နှင့်အစေ့တို့သည်လည်း ဆေးဖက်ဝင်ကြောင်း သိရှိရပါသည်။
သရက်သီးကို စားသုံးခြင်းဖြင့် ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း၊ ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေခြင်း၊ သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း အစရှိသည့်ကောင်းကျိုးများရရှိစေပြီး အစားလွန်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်း၊ ဆီးချိုသွေးချို ရောဂါရှိသူများအတွက် သွေးတွင်းသကြားဓါတ်တက်နိုင်ခြင်း သရက်သီးအစေးကြောင့် အရေပြား လောင်ခြင်း၊ ကယ်လိုရီများခြင်းကြောင့် ကိုယ်အလေးချိန် တက်ခြင်း၊ သရက်သီးအစိမ်းကို အစားများ ခြင်းကြောင့် အစာမကြေဖြစ်ခြင်း၊ မိတ်ထွက်ခြင်း၊ အရေပြားယားယံခြင်းများအစရှိသည့် ဆိုးကျိုးများ လည်း ရရှိနိုင်ပါသည်။
သရက်သီးကို သရေစာအဖြစ် စားလေ့ရှိသကဲ့သို့ သရက်ပြင်၊ ဖျော်ရည်၊ ယို၊ ရေခဲမုန့်၊ ရေခဲချောင်း၊ သကြားလုံး၊ ကျောက်ကြော၊ ဂျယ်လီ၊ ပူတင်းအဖြစ်လည်းကောင်း သရက်သီးသုတ်၊ ဆားရေစိမ်၊ သနပ် (ကုလားသည်)၊ အေးခဲသရက်များအဖြစ်လည်းကောင်း ပြုလုပ်စားသုံးကြကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ်များအသီးသီးတွင် သရက်သီးစိုက်ပျိုးမှုများ ရှိကြသော်လည်း ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် အများအပြားစိုက်ပျိုးကြောင်း တွေ့ရှိရပါသည်၊၊
မန္တလေးတိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် သရက်သီးအမျိုးအစားများအနက် ကျောက်ဆည် ခရိုင်မှထွက်ရှိသော စိန်တလုံးသရက်သည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပသို့ အဓိကတင်ပို့လျက် ရှိပါသည်။ သရက်စိုက်တောင်သူများအနေဖြင့် ခေတ်မီနည်းစနစ်များဖြင့် အကွက်ကျစိုက်ပျိုးမှုများ ရှိလာပြီး သွင်းအားစုအနေဖြင့် တစ်ပင်ခြင်းပြုပြင်ခြင်း၊ သရက်သီးတစ်လုံးခြင်း အိတ်စွတ်ခြင်း၊ ဆေးဖြန်းခြင်း၊ မြေဩဇာကျွေးခြင်းများပြုလုပ်ကြပြီး တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်၍လည်း ပြည်တွင်းသာမက ပြည်ပသို့လည်း တင်ပို့ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ပြည်ပပို့ကုန်
မြှင့်တင်ရေးစားသုံးသူများထံ လတ်ဆတ်သောအသီးများရောင်းချရာတွင် ဈေးကောင်း ရရှိရန်အတွက် အရည်အသွေးကောင်းမွန်သော သရက်မျိုးများတိုးချဲ့စိုက်ပျိုးခြင်း၊ ရင့်မှည့်ချိန်မှသာခူးဆွတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ထုတ်ပိုးခြင်းများပြုလုပ်ရာတွင် အရည်အသွေးမထိခိုက်စေရန် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ ပုသိမ်ကြီး မြို့နယ်များတွင် စိန်တလုံးနှင့် ဟင်္သာသရက်မျိုးများ အဓိကစိုက်ပျိုးကြပါသည်။ မန္တလေးတိုင်းမှ ထွက်ရှိသည့်စိန်တလုံးသရက်ကို တိုင်းအတွင်းသာမက အခြားမြို့ကြီးများကပါ ကြိုက်နှစ်သက်ကြပါ သည်။ သီးနှံကုန်သည်/ပွဲစားများသည် မန္တလေးမြို့နှင့်အနီးတဝိုက်ရှိ သရက်ခြံများသို့ သရက်ပင် ပန်းပွင့်သည့်အချိန် ဇန်နဝါရီလမှစ၍ ခြံရှင်များထံကြိုပွင့်အနေနှင့် စရံငွေများပေးကာ ခြံပြတ် ဝယ်ယူမှုများလည်းရှိကြောင်း သိရှိရပါသည်။သရက်သီးများစတင်ပေါ်သည့် မေလ လဆန်းပိုင်းတွင် စိန်တလုံးသရက်များ ရောင်းဝယ်မှုအားကောင်းပြီး စိန်တလုံးသရက်ရာသီတွင် မန္တလေးတိုင်းမှ ထွက်ရှိသည့်သရက်ကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပါသည်။ မန္တလေးတိုင်းအနေနှင့်စိန်တလုံး သရက် ရာသီကုန်ခါနီးတွင် ရွှေဟင်္သာသရက်များက လှိုင်လှိုင်ပေါ်ထွက်ပြီး ရွှေဟင်္သာသရက်သည် စိန်တလုံး သရက်လောက်လူကြိုက်မများသော်လည်း စားကောင်းသည့်အရသာကြောင့် ရောင်းအားကောင်းသည့် အမျိုးအစားတွင်ပါဝင်သည်။ မန္တလေးအတွင်းရှိသရက်ခြံများအနေနှင့် စိန်တလုံးနှင့် ရွှေဟင်္သာ ကိုသာ အဓိကဦးစားပေးစိုက်ပျိုးပြီး အခြားသရက်များကို သရက်ကြမ်းအဖြစ်အနည်းငယ် သာ စိုက်ပျိုးပြီး သရက်ကြမ်းကိုလည်း အလေအလွင့်မရှိအောင် စားသောက်ကုန် အမျိုးမျိုးပြုလုပ်၍ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိအောင် တောင်သူများအနေနှင့် လုပ်ဆောင်ကြပါသည်။ သရက်ခြံစိုက် တောင်သူများအနေဖြင့် တစ်ရာသီလျှင် (၇)လနီးပါးပြုစုပျိုးထောင် ဆောင်ရွက်ခြင်းများလုပ်ကိုင်ကြရပြီး မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ခရမ်း၊ ငရုတ်၊ ရုံးပတီ၊ ပဲတောင့်ရှည်၊ ချဉ်ပေါင်ရွက်အစ ရှိသည့်သီးနှံများကိုလည်းစိုက်ပျိုး၍ ရောင်းချရောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၏ သစ်သီးဝလံများတင်ပို့မှုတွင် သရက်သီး နိုင်ငံခြားဝင်ငွေအများဆုံးရရှိခြင်းကြောင့် အဓိကအရေးကြီးသော သီးနှံတစ်မျိုးဖြစ်ပြီး သရက်သီးပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် အခြေခံအကျဆုံး စိုက်ပျိုးထုတ်လုပ်သည့်အပိုင်းသည် အရေးကြီးသကဲ့သို့ သရက်သီးတင်ပို့မှု၊ ရောင်းဝယ်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အရည်အသွေးပြည့်ဝသည့် သရက်သီးစိုက်ပျိုးထုတ်လုပ် နိုင်ရေးပင်ဖြစ်ပါသည်။ သရက်ပင်အား ကြိုတင်ပြင်ဆင်မှုများ အများအပြားဆောင်ရွက်နိုင်မှသာ သရက်သီး ပြည်ပတင်ပို့မှုသည် မြှင့်တက်လာနိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေအထူးရှာဖွေပေးနိုင်သော သစ်သီးဝလံများ၏ ပြည်ပတင်ပို့မှု ကဏ္ဍတွင် သရက်သည်အရေးကြီးသော သီးနှံတစ်မျိုးဖြစ်သည့်အတွက် သရက်စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးအတွက် ပုဂ္ဂလိကနှင့်အစိုးရ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှသာ နိုင်ငံတော်မှ
မျှော်မှန်းထားသည့်ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း လေ့လာ တင်ပြလိုက်ရပါသည်။
DOCA(မန္တလေး)