စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက္ကားရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများအား ဖြန့်ဖြူး သယ်ယူပို့ဆောင်ရာ တွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
လုပ်ငန်းရှင်များနှင့်ဆွေးနွေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများသုံးစွဲနိုင်ရေး၊ စားသုံးဆီများ အရည် အသွေးပြည့်မီရေး၊ စျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ပြည်ပမှစားအုန်းဆီများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိပြီး ရည်ညွှန်းစျေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျက် ရှိရာ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်၍ စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်ဆီ သိုလှောင်ကန် များမှ ဆီများကို လာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင်ပီပါအသစ် (သို့မဟုတ်) သန့်စင် ဆေးကြောပြီး အဝါရောင်ပီပါများဖြင့်သာ ထုတ်ယူခွင့် ပြုသွားမည်ဖြစ်ကြောင်းနှင့် စျေးကွက်အတွင်း ဖြန့်ဖြူးရာ ၌ ဓါတုဗေဒပစ္စည်းများထည့်သွင်း အသုံးပြုထားသည့် ပီပါများတွင်ထည့်သွင်းအသုံးမပြုရန်၊ အစားအစာအရည် အသွေးသတ်မှတ်ချက်နှင့် ကိုက်ညီသော ပီပါအသစ်၊ သန့်စင်ပြီးသောပေပါများ၊ Consumer Pack များကို အသုံးပြုရန်နှင့် စျေးကွက်အတွင်း ဖြန့်ဖြူးမည့် ထုတ်ပိုးပစ္စည်းများပေါ်တွင် “ စားသုံးဆီများတင်သွင်း၊ သို လှောင်၊ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ” ထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာ ကုမ္ပဏီ၏ Cap Seal များ ဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Logo) များ ကပ်နှိပ်ပေးသွားရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်၊၊
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးဆီများ၌ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil နှင့် Cooking Oil)ဟူ၍ ဖော်ပြခြင်းမပြုပဲ ပါဝင်ပစ္စည်းများကို အခြေခံ၍ မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရန် ကုန်စည်၏ အသားတင်ပမာဏ၊ အရွယ်အစားကိုလည်း မြန်မာ့ အလေး ချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်းကို စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်(၁/၂၀၂၁)နှင့်ပတ်သက်၍ (၂၀.၆.၂၀၂၂) ရက်နေ့တွင်စတင် အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်အား လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် ပြောင်းလဲတပ်ဆင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကုမ္ပဏီများသို့ အသိပေး လှုံဆော် အကြောင်းကြားပေးရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(မန္တလေး)