
တစ်ချို့က သီဟိုဠ်သီးဟုခေါ်ဆိုကြပြီး၊ တစ်ချို့က သီဟိုဠ်သရက်ဟုခေါ်ဆိုကြသည်။ သီဟိုဠ်သီး သည် အခြားအသီးများကဲ့သို့ အစေ့မှာ အတွင်းပိုင်းတွင်ရှိမနေပါ။ အစေ့မှာ အသီးအပြင်ဘက်တွင်ရှိ နေပြီး အသီးနှင့်အစေ့ သီးခြားစီဖြစ်ပါသည်။ မှုလပေါက်ရောက်ရာဒေသမှာ တောင်အမေရိကတိုက် အပူပိုင်းဒေသများနှင့် အနောက်အိန္ဒိယကျွန်းစုဒေသဖြစ်ကြောင်းသိရှိရပါသည်။ (၁၅) ရာစုတွင် ပေါ်တူဂီသာသနာပြုများမှတစ်ဆင့်တောင်အာဖရိတိုက်မှအာဖရိကအလယ်ပိုင်း၊ ရှေ့ပိုင်းနှင့်သီရိလင်္ကာ၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံသို့ ပျံနှံရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
(က) အင်္ဂလိပ်အမည် - Casheus Nut
(ခ) ရုက္ခဗေဒအမည် - Anacardia accidentale
(ဂ) မျိုးရင်း - Anacardia ceae
(ဃ) မူရင်းဒေသ - Brazil
သီဟိုဠ်သရက်သီး ဟုအမည်တပ်ဆင်သော်လည်း သရက်သီးနှင့် မွှေးရနံတူသည်မှလွှဲ၍ ကျန်လက္ခဏာအားလုံးမှာ သရက်သီးနှင့် ကွဲပြားခြားနားပါသည်။ အပင်၏ အကိုင်း၊ အခက်၊ အလတ် တို့မှာ မာကျောကျစ်လစ်မှုရှိပြီး အမြင့်ပေ (၃၀) မှ (၄၀) အထိ ရှိတတ်ပါသည်။ အပင်မှာ အမြဲစိမ်းလန်း နေ၍ အကိုင်းအခက်များမှာ အပင်ထိပ်ဖျားအထိ ဖြာထွက်နေတတ်ပါသည်။ တစ်ရွက်ချင်း ခွဲထွက် နေသော အမျိုးအစားဖြစ်ပြီး အမွှေးအမျှင်မရှိ ပြောင်ချောမာတောင့်တင်း၍ အနားညီပါသည်။ အရင်းသွယ်၍ ထိပ်တုံးသော သဏ္ဍာန်ရှိသည်။ အပွင့်တို့သည် ထိပ်ဖျား၌ရှိပြီး ပန်းခိုင်မျိုးပွင်းကြ၍ အပွင့်သေးငယ်၊ အနံသင်းပြီးအရောင်မှာ ပန်းရောင်၊ အဝါရောင်ဝတ်မှုံ အဖို၊ အမ လိပ်စုံ အပွင့်မျိုး ဖြစ်ပါသည်။
အပွင့်တစ်ခိုင်တွင် (၁၅) လုံးမှ (၂၀) လုံးအထိ အသီးပါဝင်ပါသည်။ အနီရောင်မျိုးနှင့် အဝါရောင်မျိုးဟုရှိပြီး အမျိုးအစားတူ၊ အရည်အသွေးတူဖြစ်ပါသည်။ အပင်ရိုးရိုး အစေ့ချစိုက်နှင့် ကိုင်းကူးစိုက် (၂) မျိုးရှိပြီး ရိုးရိုးစိုက်ပါက (၇) နှစ််သားတွင် စတင်ဆွတ်ခူးနိုင်ပြီး၊ ကိုင်းကူးစိုက်ပါက (၅) နှစ်သားတွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ၁ ဧက အပင်ပျှမ်းမျှ (၆၅) ပင်မှ (၈၀) ပင်အထိစိုက်ပျိုးကြောင်း လေ့လာတွေ့ရှိရပြီး သာပေါင်းမြို့နယ်၌ (၁) ဧက ပိဿာချိန် (၄၀) မှ (၁၀၀) အထိ ထွက်ရှိပါသည်။ သီဟိုဠ်သရက်သည် အသီးပိုင်းနှင့် အရေပိုင်းဟူ၍ (၂) မျိုးရှိပြီး ကတော့ပုံသဏ္ဍာန်လိပ်ကော့၍ ဖင်ရှုးပြီး အသားများသည့်အပိုင်းသည် အသီးပိုင်းဖြစ်ပါသည်။ဒုတိယအပိုင်းသည် အပြင်သို့ ငေါထွက်နေသောအပိုင်းဖြစ်ပြီး ၎င်းအပိုင်းကို အများစုက သီဟိုဋ်စေ့ဟုခေါ်သည်။
သီဟိုဠ်သရက်ပင်သည် မြေမရွေးသည့်အပြင် အကြမ်းခံနိုင်သည့်သတ္တိရှိကြောင်း သိရှိရပါသည်။ မြေဆီလွှာကြမ်းသည့် ကျောက်လွှာမျိုးတွင်လည်းပေါက်နိုင်ပါသည်။ ပင်လယ်ကမ်းရိုးတမ်းဒေသများ၊ ရခိုင်ကမ်းရိုးတမ်းနှင့် မြစ်ဝကျွန်းပေါ်အနောက်ဘက်ကမ်းရိုးတမ်းမြေမျိုးတွင် အများဆုံးဖြစ်ထွန်း အောင်မြင်သည်ကို တွေ့ရှိရပါသည်။ မိုးရေချိန် လက်မ (၈၀) အထက် ပူနွေးစွတ်စိုသည့်ရာသီဥတုကို ကြိုက်နှစ်သက်ကြောင်း တွေ့ရှိရပါသည်။ နှင်းပေါက်၊ နှင်းခဲများသော ရာသီဥတုကာလများနှင့် သီဟိုဠ်ပန်းပွင့်ချိန် မိုးရွာပါက အသီးများဆုတ်ယုတ်မှုရှိပါသည်။ ဒေသလေ့လာချက်အရ ပင်လယ်နှင့် နီးလျှင် ပိုမိုဖြစ်ထွန်းအောင်မြင်ပြီး ရွှံ့စေးမြေမှလွှဲ၍ ကျန်မြေမရွေး စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။
သီဟိုဠ်သရက်အသားသည် မွှေးသော်လည်း အနည်းငယ်ဖန်၍ ရှတတအရသာရှိပြီး တာရှည်မခံ ခြင်းတို့ကြောင့် စားသုံးမှုမရှိကြောင်းတွေ့ရှိရပါသည်။ သီဟိုဠ်သရက်စေ့သည် စားသုံးရာတွင် အသီး ထက်ပို၍ အရသာရှိသောကြောင့် စားစရာအဖြစ် ချောကလက်၊ ရေခဲမုန့်၊ ထိုးမုန့်၊ ဒန်ပေါက်နှင့် အခြား မုန့်မျိုးစုံ၊ ယိုမျိုးစုံတို့တွင် တန်ဖိုးကြီးပစ္စည်းအဖြစ် အသုံးပြုလျက်ရှိပြီး သီးခြားကြော်လှော်၍လည်း စားသုံးနိုင်ပါသည်။ မုန့်အမျိုးပေါင်း (၂၂၀) ကျော်အထိ ပါဝင်အသုံးပြုကြောင်း သိရှိရပါသည်။
အစေ့အဆီကို အနောက်နိုင်ငံများက ကြော်ချက်ရာတွင်အသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။ ၎င်းအဆီကို ကာနိုဟုခေါ်ကြောင်း ထိုအဆီဖြင့် သစ်သားများ၊ စာအုပ်များ သုတ်လိမ်းပါက ခြမစား နိုင်ကြောင်း၊ ပွေး၊ ယားနာ၊ အသားမာဖြစ်ခြင်း၊ ဆင်ခြေထောက်ရောဂါ၊ ဒူးနာရောဂါတို့ကို ကုသသည့် ဆေးဝါးများတွင် ထည့်သွင်းအသုံးပြုကြောင်း သိရှိရပါသည်။ သို့ရာတွင် ယင်းအဆီသည် ပူလောင်ပြီး အဖုအပိန့်များဖြစ်စေတတ်ပါသည်။ အဆီမှထွက်သည့် အရည်ဖြင့် ဒူလာရောဂါ၊ မီးယပ်ရောဂါများ အတွက် အသုံးပြုကြောင်း မြန်မာကျမ်းများ၏ အဆိုအရ သီဟိုဋ်သရက်သီးအမှည့်သည် ချို၏၊ ဖန်၏၊ ဆိမ့်၏၊ ခံတွင်းရှင်းစေ၏။ သီဟိုဠ်အစေ့သည် အခွံမာ အစေ့အဆံဖြစ်၍ ကင်ဆာပျောက်ကင်းပြီး ပရိုတင်း၊ Fatsell လိုအပ်သည့် အဆီဓါတ်၊ Vitamine-E ပါဝင်သဖြင့် ဆံပင်၊ အသားအရေ လှပသည့်မိတ်ကပ်အကူပစ္စည်း၊ ခေါင်းလိမ်းဆီထုတ်လုပ်ရာတွင် အသုံးပြုကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် သီဟိုဠ်စေ့အခွံကို သင်္ဘောဆေးလုပ်ငန်းတွင် ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း သိရှိရ ပါသည်။
သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်သီဟိုဠ်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းကို ၂၆.၅.၂၀၀၆ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်က အသင်းအား ၁၃.၁၂.၂၀၁၇ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ရာ ကျေးရွာအုပ်စု (၁၇) အုပ်စု၊ အသင်းသားဦးရေ (၈၂၃) ဦး၊ စိုက်ဧက (၁၄၄၀၆.၀၅) ဧက အထိ စာရင်းကောက်ယူနိုင်ခဲ့ပါသည်။ လက်ရှိဆွတ်ခူးနိုင်သည့် ဧက (၁၀၀၀၀) ဧကနီးပါးရှိပြီး ပျှမ်းမျှ (၁) ဧက ပိဿာ (၄၀) ခန့်မှ (၁၀၀) ပိဿာခန့်အထိ ထွက်ရှိပါ သည်။ ယခုနှစ် သီဟိုဠ်ရာသီ စတင်လာချိန်တွင် (၁) ပိဿာ (၅၅၀၀) ကျပ်ဖြင့် ကုန်ကြမ်းအတိုင်း ဝယ်ယူလျက်ရှိပါသည်။ ကုန်ချောစက်ရုံမရှိသောကြောင့် ပုသိမ်မြို့သို့ ကုန်ကြမ်း အတိုင်းရောင်းချရ သဖြင့် သီဟိုဋ်စိုက်တောင်သူများ ရသင့်သော ဈေးနှုန်းမရရှိကြောင်း သိရှီရပါသည်။
သာပေါင်းမြို့နယ်အတွင်း သီဟိုဠ်သရက်စိုက်ပျိုးသူများသည် ၁၉၉၀ ခုနှစ် ဝန်းကျင်က ရရာမျိုး များဖြင့် စိုက်ပျိုးခဲ့သောကြောင့် နှစ်ကာလကြာမြင့်၍ သီးနှုန်းများ အထွက်နှုန်းကျဆင်းလာကြောင်း လေ့လာသိရှိရပြီး အထွက်နှုန်းမျိုးကောင်းများကို အစားထိုးစိုက်ပျိုးသင့်ကြောင်း၊ အစားထိုးထုတ်လုပ် နိုင်မှုရှိ/မရှိသဖြင့် ကုန်ကြမ်းအတိုင်းရောင်းချရ၍ ထိုက်သင့်သော ဈေးနှုန်းမရရှိခြင်း၊ နှစ်ရှည်ပင်များ အတွက် သွင်းအားစုများ ပုံမှန်လိုအပ်ခြင်း၊ အထွက်နှုန်းပိုမိုကောင်းမွန်ရေးအတွက် နည်းပညာလိုအပ် ခြင်း၊ တောင်သူများနှစ်ရှည်စိုက်ပျိုးလာသော်လည်း မြေယာခိုင်မာမှုမရှိခြင်း၊ နွေရာသီပူပြင်းခြောက် သွေ့ကာလ၌ ရေပေးဝေခြင်းစနစ်မရှိခြင်း၊ နှစ်ရှည်ပင်များအတွက် ချေးငွေပံ့ပိုးပေးမည့် အဖွဲ့အစည်း ဌာနမရှိခြင်းအသင်းအားဖွဲ့စည်းထားရှိသည်မှာကြာမြင့်သော်လည်း သာပေါင်းမြို့နယ် သီဟိုဠ်သရက် စိုက်ပျိုးသူများအနေဖြင့် ရေရှည်အတွက်အခက်အခဲများဖြင့် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း လေ့လာ တွေ့ရှိပါသည်။
DOCA (ဧရာဝတီ)