
နေကြာစိုက်ပျိုးရာတွင် အမျိုးအစားများစွာရှိသည့်အနက် ရေဆင်းစပ်မျိုးနေကြာ နှင့် ဆင်းရွှေကြာတို့မှာ အထွက်ကောင်း၍ စိုက်ပျိုးသင့်သော နေကြာအမျိုးအစားများ ဖြစ်ပါသည်။ ရေဆင်းစပ်မျိုးနေကြာသည် သက်တမ်းရက် ၈၀ မှ ၈၅ ရက်ရှိသော မျိုးဖြစ်ပါသည်။ အပင်ပေါက် ရာခိုင်နှုန်း မြင့်မားပြီး အပင်သန် စွမ်းကောင်းမွန်သည်။ အပင်အမြင့်မှာ ၄ပေ မှ ၄.၅ ပေ ရှိပြီး ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ နေကြာတွင် ကျရောက်တတ်သော နေကြာရွက်ခြောက်ရောဂါ ဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိသည်။ အပွင့်အရွယ်အစားကြီးမား၍ အချင်း ၅ လက်မ မှ ၉ လက်မ အထိရှိပါသည်။ အစေ့အရွယ် အစားကြီးမား၍ အစေ့ ၁၀၀၀ အလေးချိန် ဂရမ် ၄၅ မှ ၅၀ အထိရှိသည်။ ဆီပါဝင်မှုများ၍ ၄၈ မှ ၅၁ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ပျားဖြင့်သော်လည်းကောင်း၊ လူဖြင့်သော်လည်းကောင်း၊ ဝတ်မှုန် ကူးပေးရန် မလိုအပ်ဘဲ တစ်ဧကအထွက် ၅၅ တင်း မှ ၆၀ တင်း ထွက်နိုင်သော မျိုးဖြစ်ကြောင်း သိရှိရပါသည်။
ဆင်းရွှေကြာ နေကြာမျိုးသည် သက်တမ်းရက် ၈၀ မှ ၈၅ ရက်ရှိသောမျိုးဖြစ်သည်။ အပင်အမြင့်မှာ ၄ပေမှ ၄.၅ ပေရှိသည်။ အပွင့်အချင်း ၅ လက်မ မှ ၈ လက်မအထိရှိပါသည်။ တစ်ပွင့် ပါအောင်စေ့ ၅၀၀ မှ ၈၀၀ ရှိသည်။ အစေ့ ၁၀၀၀ အလေးချိန် ဂရမ် ၄၂ မှ ၄၅ ရှိသည်။ ဆီထွက်ရာခိုင် နှုန်း ၄၅ မှ ၄၈ ရာခိုင်နှုန်းရှိသည်။ တစ်ဧက အထွက်နှုန်း ၂၅ တင်းမှ တင်း၃၀ ထွက်နိုင်သောမျိုးဖြစ် ပြီး ဒေသမရွေးစိုက်ပျိုးဖြစ်ထွန်းကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)