Main menu

(၂၁)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲ၊ပြိုင်ပွဲတွင် စားသုံးသူရေးရာဦးစီးဌာနပြခန်းပါဝင်ပြသ

Powered by Drupal

          (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးမြို့တော်စိမ်းလန်း စိုပြည်သာယာလှပရေးလုပ်ငန်းများအတွက် ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်းစိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်းဖြင့် မန္တလေးမြို့တော်အား ဥယျာဉ်မြို့တော် အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ၊ ပန်းမန် အဆင့်မြင့်စိုက်ပျိုးနည်းပညာများ ဖလှယ်နိုင်စေရန်၊ ဟင်းသီး ဟင်းရွက်နှင့်သစ်သီးဝလံ၊ပန်းမန် မျိုးကောင်းမျိုးသန့်များပြန့်ပွားလာစေရန်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ ပန်းမန်မျိုးကောင်းများကို အိမ်တိုင်းအိမ်တိုင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူဖြစ်စေရန်ရည်ရွယ်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော (၂၁)ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို (၁၂-၂-၂၀၂၅) ရက်နေ့  ချမ်းမြသာစည်မြို့နယ်ရှိ ဆင်ဖြူကန်ကွင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဖွင့်လှစ်ပေးခဲ့ပြီး ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိကအရောင်းဆိုင်ခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

          ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို (၁၂-၂-၂၀၂၅) မှ(၁၅-၂-၂၀၂၅)နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ(၁၀)ခုမှ အသိပညာပေးပြခန်းပေါင်း (၁၆)ခန်းနှင့် ပုဂ္ဂလိကဆိုင်ရာ တိုင်းရင်းဆေးအရောင်းဆိုင်များ၊ ဒေသတွင်း ထုတ်ကုန်ကဏ္ဍများ မြှင့်တင် ဆောင်ရွက်ရေးအတွက် MSMEs ပြခန်းများ၊ စားသောက်ဆိုင်ခန်းများ၊ ကလေးကစားစရာများ၊ မန္တလေးမြို့တော်တီးဝိုင်းနှင့် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။

          ဌာနဆိုင်ရာပြခန်းများမှ စားသုံးသူရေးရာဦးစီးဌာန၏ အသိပညာပေးပြခန်းအား မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝင်ရောက်ပြသပြီး ပြခန်း၏ကျောဘက်တွင် စားသုံးသူ၏ တာဝန်များ၊ စားသုံးသူတိုင်ကြားနိုင်သည့် နယ်ပယ်များ၊ စားသုံးသူတိုင်ကြားနိုင်သည့် နည်းလမ်းများဆိုင်ရာ ဗီနိုင်းများ၊ ညာဘက်ခြမ်းတွင် ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း၊ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ မြန်မာဆန်၊ စပါး Online (MyRo) သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာဗီနိုင်းများ၊ ဘယ်ဘက်ခြမ်းတွင် မန္တလေးတိုင်းဒေသကြီးသီးနှံပြက္ခဒိန်၊ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက် ချက်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက်ဒေသထွက်ကုန်များဆိုင်ရာ အသိပညာပေး ဗီနိုင်းများဖြင့် ပြသထားရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များ ဖြစ်သော ဆန်၊ ပြောင်း၊ဝါ၊ကော်ဖီ၊ပဲမျိုးစုံ၊နှမ်းမျိုးစုံနှင့် ဒေသထုတ်ကုန်များအား Display ခင်းကျင်းပြသထားပါသည်။

          ပြခန်းအတွင်း လာရောက်လေ့လာသော ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများအား  တာဝန်ကျဝန်ထမ်းများမှ  ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များ ၊ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာအချက်များနှင့် ပြသထားသောဗီနိုင်းများမှ သိရှိလိုသည့်အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည့်အပြင်  ဒေသထုတ်ကုန်များထုတ်လုပ်သည့်နေရာမှ စားသုံးသူတိုက်ရိုက်ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန်နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ ပြင်ဦးလွင်၊ ကျောက်ဆည်ဒေသထွက်ကုန်များဖြစ်သော ကော်ဖီ၊ ဝိုင်၊မက္ကဒေးမီးယား၊ ပုန်းရည်ကြီး၊ အသီးခြောက်မျိုးစုံ၊ နို့ထွက်ပစ္စည်းမျိုးစုံ၊ ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်၊ မုန့်ကြွပ်မျိုးစုံ၊ နနွင်း၊ငရုတ်မျိုးစုံ၊ အာလူးကြော်မျိုးစုံတို့အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဒေသထုတ်ကုန်များ အရောင်းသွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာနပြခန်းသို့ စိတ်ပါဝင်စား စွာဖြင့် လာရောက်လေ့လာကြည့်ရှုသူများ များပြားလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)