
သခွားသီး၏ မူရင်းဒေသသည် အရှေ့တောင်အာရှဒေသဖြစ်သည်။ သခွားသီးများးကို ကမ္ဘာအနှံ့ အပြားစိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင်လည်း ဒေသမရွေးစိုက်ပျိုးနိုင်သည်။ သခွားပင်သည် ဗူးပင်၊ ဖရုံပင် ကဲ့သို့ နွယ်ပင်အမျိုးအစားဖြစ်ပြီး ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ သခွားသီး အမျိုးအစား အမျိုးမျိုးရှိသည်။ အချို့သခွားသီးများသည် သေးသွယ်၍ရှည်လျားပြီး အချို့မှာ ခပ်လုံးလုံးပုံသဏ္ဍာန်ရှိ သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း သခွားသီးကိုပေါများစွာတွေ့ရှိရပြီး နှစ်ခြိုက်စွာ စားသုံးကြ ကြောင်းသိရသည်။
သခွားသီးတွင် ရေဓါတ် ၉၇ ရာခိုင်နှုန်းပါဝင်ပြီး အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ မက်ဂ္ဂနီဆီယမ် စသည့် ဗီတာမင်နှင့် သတ္တုဓါတ်များစွာပါဝင်သည်။ သခွားသီးတွင် အာဟာရဓါတ်များစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။ သခွားသီးကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ ရေဓါတ်ခမ်းခြောက်ခြင်းကိုကာကွယ်ပေးပြီး ဆီးရွှင်စေ ပါသည်။ ခန္ဓာကိုယ်တွင်းရှိ အပူချိန်ကိုလည်း ထိန်းညှိပေးပါသည်။
အားကစားသမားများသည် အားကစားကိုအပြင်းအထန်လေ့ကျင့်ပြီး ချွေးထွက်သွားတဲ့အခါ ဆုံးရှုံးသွားသောရေဓါတ်ကို သခွားသီးစားသုံးပေးခြင်းဖြင့် အစားထိုးရေဓါတ်အဖြစ်ပြန်လည်ဖြည့်ပေး နိုင်ပါသည်။ ထမင်းစားသည့်အခါမျိုးတွင် သခွားသီးနှင့်တွဲစားပေးခြင်းဖြင့် အစာကိုကြေလွယ်စေပါ သည်။ သခွားသီးသည် သွေးတွင်းသကြားဓါတ်ကို လျော့ကျစေသည့်အတွက် ဆီးချိုရောဂါရှိသူများ အတွက်လည်း စားသုံးသင့်သောအသီးတစ်မျိုးဖြစ်သည်။
အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကိုမဖြစ်စေဘဲ ဝမ်းမှန်စေပြီး အူမကြီး ကင်ဆာဖြစ်ပွားနိုင်ခြင်းကိုလည်းလျော့နည်းစေပါသည်။ သခွားသီးကို ပါးပါးလေးလှီးပြီးမျက်နှာနှင့် ခန္ဓာကိုယ်အနှံ့တွင် ပေါင်းတင်ပေးခြင်းဖြင့် အသားရေကိုစိုပြေစေပြီး အသားရေတင်းရင်းမှုအတွက်ကို လည်း အကျိုးပြုပါသည်။
ထိုကဲ့သို့ ဘက်စုံအသုံးဝင်သော သခွားသီးကို ငပိရည်၊ ငံပြာရည်တို့နှင့် တို့စားလို့ရသလို အစိမ်းလိုက်စားခြင်း၊ အသားနှင့်ချက်စားခြင်း၊ ပါးပါးလေးလှီးပြီးသုတ်စားခြင်းနှင့် အချဉ်စိမ်၍ ကြာရှည်အထားခံအောင်ပြုလုပ်ထားပြီးလည်း စားသုံးနိုင်ပါသည်။ သခွားသီးကို ပုံမှန်စားသုံးပေးခြင်း သည် ကျန်းမာရေးအတွက်များစွာအထောက်အကူပြုကြောင်းကို ဆရာဝန်များ၏ပြောကြားချက်များအရ သိရှိရပါသည်။
DOCA(ရှမ်း)