Main menu

ဆောင်းအကုန်နွေအကူးက ပေါ်ဦးစကြက်သွန်နီဈေး ဈေးမကျ ဈေးအရကို တွေးမျှော်

Powered by Drupal

မြန်မာတစ်နိုင်ငံလုံးမှသည် ပြည်ပတင်ပို့သည့်တိုင် မြင်းခြံကြက်သွန်နီသည် ဈေးကွက်ဝင် သီးနှံတစ်ခုပင်ဖြစ်ပါသည်။ ကြက်သွန်နီကို အင်္ဂလိပ်အမည် Onion ရုက္ခဗေဒအမည် Allium Copa ဖြစ်ပြီး မူရင်းဒေသသည် အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း ၊ အာဖဂန်နစ္စတန်နှင့်ပါလက်စတိုင်း တို့မှဖြစ်ကြောင်း လေ့လာမှုအရ သိရသည်။ ရန်ကုန်ဈေးကွက်မှာဆို မြင်းခြံစ ၊ မြစ်သားစ ၊ ပခုက္ကူစ ၊ မကွေးစဟူ၍ပင်ရှိပြီး မြင်းခြံကြက်သွန်နီသည် ဈေးတန်းတစ်ခုတွင်ရှိသည်ဟု သိရသည်။ ကြက်သွန်နီ စိုက်ပျိုးမှုတွင် မိုးစိုက် ၊ ဆောင်းစိုက်ရယ်လို့ နှစ်မျိုးရှိပြီး မိုးစိုက်ဆိုလျှင် တော်သလင်းနှင့်ဆောင်းစိုက် ဆိုလျှင် နတ်တော်လဖြစ်ပြီး ရာသီမှန်စိုက်ပျိုးသောကာလလို့ဆို ကြပါကြောင်းသိရသည်။ ဒါကိုမှ လရှေ့ အစောကာလနှင့်လနောက် နောက်ပိုင်းကာများတွင် စိုက်ပျိုးကြသည်များလည်းရှိပါသည်။ တော်နှစ် တော်လို့ပင်ဆိုကြပါသေးသည်။ မိုးစိုက် မိုးကြက်သွန်ကတော့ ဆောင်းကြက်သွန် (နွေပင်လေး) / နွေကြက်သွန်ဘဝတွင် ဖြစ်ထွန်းမှုနည်းတဲ့ဥသေးများကို ရွေးချယ်စုစည်းပြီး မိုးကြက်သွန်မျိုး (ကြမ်းကျွံ) လို့လဲခေါ်ကြကြောင်း  နွေကြက်သွန်ဝယ်ပြီး လှောင်ကြတဲ့အခါမှာ လေဝင်လေထွက် ကောင်းအောင်ချဲထားသည့် ကြမ်းပေါက်ကလေးများမှ ကျွံကျသည့်အတွက် ကြမ်းကျွံလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါသည်။ ဒါကိုမှ မိုးကာလ စက်တင်ဘာလနှင့်အောက်တိုဘာလတွင် မိုးကြက်သွန်မျိုးအဖြစ် ဥစိုက် ပိဿာ ၅၀၀ စိုက် ၊ ပိဿာ ၁၀၀၀ စိုက်ဆိုပြီး ဧကအနည်းအများအလိုက် စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလနှင့် ဇန္နဝါရီလများတွင် ထွက်ပေါ်ပြီး အထွက် ၃ ဆ ၊ ၄ ဆ   (ပိဿာ ၁၅၀၀ က နေ ၃၀၀၀ ) အကြားထွက်ရှိ ကြကြောင်းသိရသည်။ ဆောင်းကြက်သွန်နီကိုတော့ ပြီးခဲ့သောနွေမှ အရွယ်အစားလှပသော ကြက်သွန် ဥများကို ပင်ခံအဖြစ်ထားရှိပြီး ရရှိသောမျိုးစေ့အနက်စေ့သေးသေးများကို အပင်ပေါက်များရအောင် အနံ ၃ ပေ နဲ့ အလျားကို လိုသလိုအရှည်ထားပြီး သဲ ၊ နုန်းမြေနဲ့နွားချေး သမအောင်ထွန်မွှေပြီး ပျိုးပင် ပေါက်လေးများရရှိအောင် ပျိုးထောင်ပြီးကာမှ စိုက်ပျိုးရန်အသင့်ပြုပြင်ထားသောမြေမှာ ပြောင်းရွှေ့ စိုက်ပျိုးရကြောင်း ကြက်သွန်စိုက်ပျိုးထုတ်လုပ်သူ တောင်သူတစ်ဦးထံမှသိရသည်။ မြင်းခြံခရိုင်အနေဖြင့် ဆောင်းကြက်သွန်နီကို မြင်းခြံမြို့နယ်၌ ၈၆၀၀ ဧက ၊ တောင်သာမြို့နယ်၌ ၉၂၀၄ ဧက ၊ နွားထိုးကြီး မြို့နယ်၌  ၂၃၉၄ ဧက စုစုပေါင်း ၂၀၁၉၈ ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနမှသိရသည်။ တစ်ဧကထုတ်လုပ်မှု မျိုးသွင်းအားစု ၊ မြေပြုပြင်လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၃၅ သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်းသိရသည်။ မကြာသောကာလတွင် မိုးအပြီး နွေကြက်သွန် များ တစ်ဖန်ထွက်ပေါ်လာတော့မည်ဖြစ်သည့်အတွက် လာမည့်အရေးတွေးဆလို့ ဈေးမကျ ဈေးအရကို တောင်သူများ တွေးမျှော်နေကြကြောင်း စုစည်းရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)