
မြန်မာနိုင်ငံတွင် ဆန်ကိုချက်ပြုတ်၍ ထမင်းအဖြစ် လူတိုင်းနေ့စဉ်စားသုံးကြပါသည်။ ထိုသို့စားသုံးခြင်းအပြင် မုန့်ပဲသရေစားများပြုလုပ်၍လည်း စားသုံးလျက်ရှိကြပါသည်။ ဆန်ဖြင့် ပြုလုပ်သော မုန့်များမှာ များပြားစွာရှိပြီး လူသိများသောမုန့်များမှာ မုန့်ဟင်းခါးဖတ်၊ ဆန်မရွေး၊ မုန့်ကျွဲသဲ၊ မုန့်စိမ်းပေါင်း၊ မုန့်ကြီး စသည်ဖြင့် များစွာရှိပါသည်။ မြန်မာလူမျိုးတို့သည် နံနက်စာ အစားအစာအဖြစ် လူတိုင်းလိုလို မုန့်ဟင်းခါးကို စားသုံးကြပါသည်။ မုန့်ဟင်းခါးဖတ် လုပ်ငန်းသည် အိမ်တွင်းမှု လုပ်ငန်းတစ်မျိုးဖြစ်ပြီး MSMEs လုပ်ငန်းများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပါသည်။ မုန့်ဟင်းခါးဖတ်သည် ဆန်ကြမ်းကို အခြေခံ၍ ပြုလုပ်ရပြီး ဆန်ကြမ်းတစ်အိတ်လျှင် မုန့်ဟင်းခါး ဖတ်(၆)ပိဿာ ခန့်ထွက်ရှိကြောင်း သိရပါသည်။ ထိုအတူ ဆန်မရွေးလုပ်ငန်းသည်လည်း ဆန်ကို အခြေခံ၍ ပြုလုပ်ကြပြီး မြန်မာ့ရိုးရာ အစားအစာ ဖြစ်သည့် အတွက် တောနေ၊ မြို့နေ လူတန်းစားမရွေး ကြိုက်နှစ်သက်သည့် အစားအစာဖြစ်ပါသည်။ ဆန်မရွေးကို ဒီထက်မက အဆင့်မြှင့် တင်ပြီး ဆန်ကွဲမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်လာနိုင်မည်ဆိုပါက လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး အကျိုးအမြတ်လည်း ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်မှလည်း အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ထို့ကြောင့် ဆန်မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် ရောင်းချနိုင်ရေး လုပ်ငန်းရှင်များအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြပါသည်။ ထိုအပြင် မုန့်ဟင်းခါးဖတ်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကြာရှည်စွာ အထားခံနိုင်စေရန် အတွက် မုန့်ဖတ် ခြောက်လုပ်ငန်း များလည်းရှိသလို ဆန်ကြမ်းကို အဆင့်မြှင့်တင်ပြီး ဆန်ကြမ်းမရွေး၊ မန်းမရွေး ပြုလုပ်၍ ရောင်းချကြသဖြင့် အကျိုးအမြတ်များလည်း ရရှိလာနိုင်မည် ဖြစ်ပါသည်။ အခြားမြန်မာမုန့် များစွာကိုလည်း တာရှည်အထားခံပြီး အဆင့်မြှင့်တင်၍ ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက တန်ဖိုး ရှိသော ထုတ်ကုန်များရရှိနိုင်မည် ဖြစ်ပါသည်။
ပြည်ခရိုင်အနေဖြင့် ဆန်မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော မုန့်ဟင်းခါးဖက် လုပ်ငန်း၊ ဆန်မရွေးလုပ်ငန်းများရှိသဖြင့် MSMEs အသေးစား၊ အလတ်စား၊ အငယ်စား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် အတိုးနှုန်းသက်သာစွာဖြင့် နိုင်ငံတော်မှလည်း အရင်းအနှီးများထုတ်ချေးပေးလျက်ရှိပါသည်။ ထို့ကြောင့် လုပ်ငန်းများ တိုးတက် အောင်မြင်စေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများ ယခင်ကထက် ပိုမိုတိုးတက်စေရန်အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များကို တိုးတက်ဆောင်ရွက်သွားမည်ဆိုလျှင် ကိုယ်ကိုတိုင်လည်း အကျိုးအမြတ်များစွာ ရရှိနိုင်သလို နိုင်ငံတော်အတွက်လည်း အသေးစား၊ အငယ် စား၊ အလတ်စားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာနိုင်မည် ဖြစ်ပါ၍ ပြည်ပဈေးကွက်သို့ ပြည်တွင်းရှိ ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်လာနိုင်မည် ဖြစ်ပါသည်။
DOCA(ပဲခူး)