
သုံးခွမြို့နယ်၊ မတ်လ (၃) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးဧကမှာ (၁၃၉၅၇၆)ဧကဖြစ်ပြီး ယနေ့ထိ ရိတ်သိမ်းပြီးစီးမှုမှာ (၄၅၈၁၁)ဧကဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကပျှမ်းမျှ (၁၇.၁၁)တင်း ထွက်ရှိကြောင်း လယ်/ဆည်စာရင်းအရ သိရှိရ ပါသည်။
ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများကိုလည်း သက်ဆိုင်ရာဌာနများမှ ဒေသနှင့်ကိုက်ညီသည့် မျိုး ကောင်းမျိုးသန့် ပဲတီစိမ်းများအား လာမည့်နှစ် ရာသီချိန်တွင် ရွေးချယ်၍ ဧကတိုးချဲ့စိုက်ပျိုးကြရန် စိုက်ပျိုး နည်းစနစ်မှန်ကန်စေရေး ပဲတီစိမ်းစိုက်တောင်သူ အသိပညာပေးသင်တန်းများ ဖွင့်လှစ်၍ သက်ဆိုင်ရာဌာနမှ သင်တန်းဆရာ/ဆရာမများနှင့် ချိတ်ဆက်၍ နှစ်စဉ်အသိပညာပေးလျက် ရှိပါသည်။ တောင်သူများမှလည်း အရည်အသွေးကောင်း ပဲတီစိမ်းများ ရရှိစေရေး စနစ်တကျအချိန်မီ စိုက်ပျိုးကြကြောင်း ယခုအခါတွင် ကျေးရွာအုပ်စု (၆၄)အုပ်စုတွင် စိုက်ပျိုးထားသော ပဲတီစိမ်းများမှာ လှိုင်လှိုင်ထွက်ပေါ်လျက် ရှိပါသည်။ ထွက်ရှိသည့် ပဲတီစိမ်းများအား Bright Light ကုမ္ပဏီအပါအဝင် အခြားအဝယ်ဒိုင်များမှလည်း ဝယ်ယူလျက် ရှိပါသည်။ ပဲတီစိမ်းစတင်ထွက်ပေါ်သည့် ဖေဖော်ဝါရီလ ပထမအပတ်တွင် အဖွင့်ဈေးအနေဖြင့် ပဲတစ်တင်း လျှင် (၁၁၅၀၀၀)ကျပ်ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ယခင်နှစ်အဖွင့်ဈေးမှာ ပဲတီစိမ်းတစ်တင်းလျှင် (၈၅၀၀၀)ကျပ် ဖြစ်၍ ယခုနှစ်ပဲဈေးနှုန်းမှာ ယခင်နှစ်ထက် ဈေးပိုလာကြောင်း တွေ့ရှိရပါသည်။ အဝယ်ဒိုင်များအနေဖြင့် ဝယ်ယူရရှိသည့် ပဲတီစိမ်းများအား ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ဒဂုံဆိတ်ကမ်း စသည့်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(ရန်ကုန်)