သရက်စေ့ထိုးပိုး(Sternochetus Mangiferae )သည် သရက်စိုက်ပျိုးထုတ်လုပ်မှုများပြား သော နိုင်ငံများတွင် တွေ့ရှိရသော ဖျက်ပိုးတစ်မျိုးဖြစ်သည်။ အဆိုပါပိုးသည် သရက်စေ့အတွင်း တွင်သာ ပေါက်ဖွားရှင်သန်နိုင်ပြီး တခြားမည်သည့်သစ်စေ့တွင်မှ ပေါက်ဖွားနိုင်ခြင်းမရှိပါ။ သရက် အစေ့ထိုးပိုး၏ မူရင်းဒေသမှာ(Indo-Burma) နယ်မြေဖြစ်နိုင်ပြီး ယခုအခါတွင်မူ အာဖရိက အရှေ့ပိုင်းနှင့် တောင်ပိုင်းနယ်မြေ၊ တောင်ပစိဖိတ်နှင့်ထိစပ်နေသော အရှနိုင်ငံအများစုနှင့် ဟာဝိုင်ရီ နယ်မြေများ သို့ ပြန့်နှံ့နေပြီဖြစ်ပါသည်။
သရက်သီးတင်သွင်းသောနိုင်ငံများအနက် အချို့နိုင်ငံများ(ဥပမာ-အမေရိကန်နှင့် အာရပ် နိုင်ငံများ)သည် သရက်စေ့ထိုးပိုးရှိသည့် နိုင်ငံများမှ သရက်သီးတင်သွင်းမှုအား တားမြစ်ထားပြီး အဆိုပါကန့်သတ်ချက်သည် ဩစတေးလျနိုင်ငံ၏ သရက်သီးထုတ်လုပ်တင်ပို့မှုကို သက်ရောက်မှု ရှိခဲ့ပါသည်။
သရက်အစေ့ထိုးပိုးသည် သရက်သီးအသားကို တိုက်ရိုက်ဖျက်ဆီးခြင်းမဟုတ်ဘဲ သရက်စေ့ ကိုသာ အဓိကပျက်ဆီးစေခြင်းဖြစ်ရာ သရက်သီးထုတ်လုပ်မှုအား တိုက်ရိုက်ပြင်းထန်စွာ ထိခိုက် စေခြင်းမဟုတ်သော်လည်း သရက်သီးအရည်အသွေကို ကျဆင်းမှုဖြစ်ပေါ်စေသည့်အပြင် သရက်စေ့များအား ပြန်လည်စိုက်ပျိုးမရနိုင်သည်အထိ ပျက်ဆီးစေနိုင်ပါသည်။ သရက်ပင်များတွင် အစေ့ထိုးပိုးနှင့် အလားသဏ္ဍန်တူသည့် သီးထိုးယင်းကဲ့သို့ ပိုးများလည်းကျရောက်တက်ပြီး အဆိုပါ ပိုးမှာမူ သရက်သီးအသားအတွင်းပေါက်ဖွားရှင်သန်ကြသဖြင့် သရက်သီးကို ပိုမိုပျက်ဆီးစေနိုင်ပါ သည်။ ထိုသို့သော အကြောင်းအချက်များအရ အခြားနိုင်ငံများမှ သရက်သီးတင်သွင်းရာတွင် ဩစတေးလျားနိုင်ငံအနေဖြင့် ကန့်သတ်တားမြစ်ချက်များပြုလုပ်ထားရပြီး လက်ရှိတွင် အစေ့ထိုး ပိုးပြဿနာမှာ ကြီးထွားခြင်းမရှိသေးသော်လည်း ပိုးသက်ရောက်နယ်မြေများ ကျယ်ပြန့်လာနေ သည့်အပြင် နှစ်အနည်းငယ်အတွင်းမှာပင် ပိုမိုဆိုးရွားလာနိုင်သည့် အနေအထားဖြစ်သဖြင့် ပိုးကျ ရောက်ခြင်းမရှိသေးသော နယ်မြေများအနေဖြင့် ပိုးကာကွယ်ရေးအား အထူးဂရုပြုဆောင်ရွက်ကြ ရန်လိုအပ်ပါသည်။
အရွယ်ရောက်ပြီးသရက်စေ့ထိုးပိုး၏ ပုံသဏ္ဍန်မှာ အညိုရင့်ရောင်ဘဲဥပုံစံရှိကာ အလျား(၉-၁၀)မီလီမီတာ(လက်မဝက်နီးပါးခန့်)ရှိပါသည်။ ပိုး၏ကိုယ်ထည် တောင်ပံပေါ်တွင် ရောင်စုံအကွက် ငယ်လေးများရှိပြီး ရှည်လျားသောနှာမောင်းပုံစံ နှာခေါင်းရှိပါသည်။ အဆိုပါအစေ့ထိုးပိုးသည် သရက်ပင်၏ ပင်စည်အပေါက်များ၊ အက်ကွဲကြောင်းများအကြားတွင် အချိန်အများစုနေထိုင်သဖြင့် ထိုပိုး၏ အရောင်အနေအထား၊ သရက်ပင်စည်အရောင်အနေအထားတို့အရ ရှာဖွေတွေ့ရှိရန် ခက်ခဲ ပါသည်။
အစေ့ထိုးပိုးအမသည် ပုံမှန်အားဖြင့်အရွယ်အစားငယ်သော သရက်သီးများတွင် ဥလေ့ရှိသော် လည်း ပိုးပေါက်ဖွားမှုများပြားထူထပ်လာပါက သရက်သီးအကြီးများတွင်ပါ ဥတက်ပါသည်။ အစေ့ ထိုးပိုးအမသည် ဥမချမီ သရက်သီးအခွံတွင် လခြမ်းပုံသဏ္ဍန်မြောင်းငယ်ပြုလုပ်ကာ ထိုမြောင်းငယ် အတွင်းဥချပြီး အဆိုပါဥများပေါ်တွင် ပျစ်ချွဲသောအရည်ဖြင့် ဖုံးအုပ်ခဲ့ပါသည်။ အဆိုပါအရည်မှာ အချိန်အနည်းငယ်အတွင်း မာကျောသည့်အခွံအနေအထားရောက်ရှိကာ ဥများအား အကာအကွယ် ဖြစ်စေပါသည်။ အစေ့ထိုးပိုးအမသည် တစ်ရက်လျှင်(၁၅)ဥခန့် ဥချနိုင်ပြီး (၃)လခန့်ကာလအတွင်း ဥပေါင်း(၃၀၀)ခန့်အထိ ဥနိုင်စွမ်းရှိပါသည်။
ဥများဥချပြီး (၅)ရက်မှ (၇)ရက်အတွင်း ဥများမှ ပိုးလောက်ပုံစံအကောင်ငယ်များ ပေါက်ဖွား လာပြီး အဆိုပါပိုးလောက်ငယ်သည် သရက်သီးအား လှိုင်ခေါင်းပုံစံဖြင့် ဖေါက်ထွင်းကာ စတင်ကြီး ထွားရန်နူးညံ့ဆဲအနေအထားတွင်ရှိသည့် သရက်စေ့အတွင်းသို့ ဝင်ရောက်သွားပါသည်။ ပေါက်ဖွား လာသော ပိုးလောက်ငယ်၏ အရွယ်အစားမှာ ငယ်လွန်းသဖြင့် ထိုပိုးလောက်ငယ်များ သရက်သီး အသားအား ဖေါက်ထွင်းခဲ့သည့်အပေါက်မှာ သာမန်အားဖြင့် ရှာဖွေတွေ့ရှိရန် မလွယ်ကူပေ။ သရက် စေ့အတွင်းသို့ ဖေါက်ထွင်းဝင်ရောက်သွားခဲ့သော ပိုးလောက်ငယ်(အဖြူအနှစ်ရောင်)မှာ သရက်စေ့ အတွင်းတွင်ပင် သရက်စေ့အသားအား စားသောက်ကြီးထွားလာပါသည်။ သရက်စေ့တစ်စေ့အတွင်း အဆိုပါပိုးလောက်ငယ်(၂)ကောင်နှင့်အထက် ဝင်ရောက်သွားခဲ့ပါက အဆိုပါသရက်စေ့မှာ ပိုးလောက်ငယ်များစားသောက်မှုကြောင့် တစ်စေ့လုံးနီးပါးလုံးဝပျက်ဆီးသွားနိုင်ပါသည်။ ထိုကဲ့သို့ သရက်စေ့အတွင်း နေထိုင်ကြီးထွားလာသော အစေ့ထိုးပိုးကောင်မှာ အရွယ်ရောက်လာပြီးနောက် သရက်သီးရင့်မှည့်ကြွေကျသည့်အခါတွင်လည်းကောင်း၊ သရက်သီးအား ရင့်မှည့်ပြီးခူးဆွတ်ပြီးသည့် အခါတွင်လည်းကောင်း သရက်စေ့အတွင်းထွက်ပြီးမှ သရက်သီးအသားအား လှိုင်ခေါင်းအတွင်း ဂငယ်ပုံသဏ္ဍန်ကိုက်ဖေါက်ကာ သရက်သီးအတွင်းမှ အပြင်သို့ထွက်လာပါသည်။ အဆိုပါအချိန်တွင် ပိုးကောင်သည် အရွယ်ရောက်ပြီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ ထိုကဲ့သို့ အရွယ်ရောက်ပြီး အစေ့မှ ဖေါက်ထွက်လာချိန်မှာ အကြမ်းဖျင်းအားဖြင့် သရက်သီးကြွေကျပြီး(၂၂)ရက်မှ (၇၆)ရက် အတွင်းဖြစ်ပြီး မျှမ်းမျှခြင်းအားဖြင့် (၄၅)ရက်ခန့်ကြာမြင့်ပါသည်။ ထိန်းသိမ်းမှုအားနည်းသော သရက်ခြံများတွင် သရက်သီးစုစုပေါင်း၏ (၈၀%) အထိ အစေ့ထိုးပိုးကျရောက်နိုင်ပါသည်။ အဆိုပါ အစေ့ထိုးပိုးများပြန့်နှံရသည့် အဓိကအကြောင်းအရင်းမှာ ပိုးကျရောက်လျှက်ရှိသော သရက်သီး များအား လူများမှ ရွှေ့ပြောင်းသယ်ယူရာမှ ပြန့်ပွားခြင်းဖြစ်ပါသည်။
အရွယ်ရောက်ပြီးသရက်စေ့ထိုးပိုးသည် တောင်ပံပါသော်လည်း အဆိုပါတောင်ပံအား အသုံး ပြုပျံသန်းမှုပြုလုပ်လေ့မရှိသလောက်နည်းပါးပါသည်။ အစေ့မှဖေါက်ထွက်လာသော အရွယ်ရောက် ပြီးအစေ့ထိုးပိုးများသည်(လူ၏သယ်ဆောင်မှုမှအပ) အခြားဝေးလံသော နေရာမျာသို့ သွားလာလေ့ မရှိဘဲ ယင်းတို့ပေါက်ဖွားရာသရက်ပင်တွင်သာ ဆက်လက်နေထိုင်လေ့ရှိပြီး အစေ့မှ ဖေါက်ထွက်ပြီး သည်နှင့် အနီးဆုံးသရက်ပင်စည်အခေါက်ကွဲကြောင်းများသို့ တွားသွားဝင်ရောက်ပုန်းခိုနေလေ့ရှိ သဖြင့် ရှာဖွေတွေ့ရှိရန် ခတ်ခဲပါသည်။ သရက်ပင်များ ပန်းပွင့်ခါနီးကာလတွင် အစေ့ထိုးပိုးများ သည် သရက်ရွက်နုများရှိရာသို့ ပြောင်းရွှေ့နေထိုင်ပြီး ရွက်နုများအား ညအချိန်(သို့) နံနက်စောချိန် များတွင် ကိုက်ဖြတ်စားသောက်လေ့ရှိပါသည်။ နံနက်ပိုင်း စိုထိုင်းစ စတင်နည်းပါးသွားသည်နှင့် ရွက်နုများအား ကိုက်ဖြတ်စားသောက်နေသော အစေ့ထိုးပိုးကောင်သည် ခိုအောင်းပုန်းကွယ်ရန် ကောင်းမွန်သော သရက်ပင်ရွက်ဝန်းအတွင်းပိုင်း/ ပင်စည်နှင့် နီးစပ်သည့်နေရာများသို့ ပြန်လည် ရွှေ့ပြောင်းကာ ပင်စည်အရောင်နှင့် ရောလျှက်လုံးဝရွေ့လျားမှုမရှိဘဲ ကိုယ်ရောင်ဖျောက်ပုန်းကွယ် နေလေ့ရှိပါသည်။ အဆိုပါအစေ့ထိုးပိုးများအား လေ့လာချက်အရ သရက်အစေ့ထိုးပိုးတို့သည် (၄)လခွဲကာလအထိ အစားမစား/ရေမသောက်ဘဲ ရှင်သန်နိုင်စွမ်းရှိပြီး ပိုးကောင်၏ ပျှမ်းမျှသက် တမ်းမှ (၂၁)လ (၂နှစ်နီးပါး)ခန့်ဖြစ်ပါသည်။
သရက်အစေ့ထိုးပိုးကျရောက်မှုများပြားထူထပ်သော သရက်ခြံများတွင် သရက်သီးငယ်များ အပေါ်၌ အစေ့ထိုးပိုးအမများ ဥချထားသည့် နေရာများသည် ထင်ရှားစွာတွေ့ရတက်ပြီး ဥများအား အကာအကွယ်အဖြစ် ပြုလုပ်ခဲ့သော အရည်များမှ မာကျောနေသည့်အဖတ်များမှာ သရက်ခွံများ ပေါ်မှ ဖယ်ရှားရန်မလွယ်ကူတော့သဖြင့် သရက်သီးအရည်အသွေးကျဆင်းစေပါသည်။ ထိုအပြင် အဆိုပါ ဥချခဲ့သောနေရာများသည် သရက်မှိုရောဂါ(Saprophytic နှင့် Pathogenic )တို့ဖြစ်စေပြီး သရက်သီးပျက်ဆီးမှု/ ကြွေကျမှုများဖြစ်စေပါသည်။ ထို့အပြင် သရက်ဈေးကွက်များသို့ တင်ပို့ သည့်အခါတွင်လည်း အစေ့များပိုးထိုးထားသဖြင့် အောင်မြင်ရန် ရာခိုင်နှုန်းနည်းပါးပါသည်။
သရက်အစေ့ထိုးပိုးကျရောက်ခြင်းမရှိသေးသော သရက်ခြံများအနေဖြင့် အစေ့ထိုးပိုးကျ ရောက်လာခြင်းမရှိစေရန် အထူးဂရုပြုရန် လိုအပ်ပြီး အထူးသဖြင့် အစေ့ထိုးပိုးကျရာက်ထားသည့် နယ်မြေမှ သရက်သီး/ သရက်စေ့များ ရောက်ရှိလာပါက ပိုးကျရောက်ပါရှိလာခြင်း ရှိ/မရှိ သေချာ စွာစစ်ဆေးရန်လိုအပ်ပါသည်။
အကယ်၍ အစေ့ထိုးပိုးကျရောက်ပြီး သရက်ခြံများအနေဖြင့် အစေ့ထိုးပိုး ထပ်မံပြန့်ပွား ခြင်း မရှိစေရေး တက်နိုင်သလောက် ဆောင်ရွက်ရမည့်အပြင် အခြားနယ်မြေများသို့လည်း ထပ်မံပြန့် ပွားရောက်ရှိသွားခြင်းမရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်ပါသည်။
အစေ့ထိုးပိုးထိန်းချုပ်ကာကွယ်ရန်နည်းလမ်းများ
(က) ပိုးကျသရက်စေ့များရွှေ့ပြောင်းခြင်း။ သရက်အစေ့ထိုးပိုးများသည် လူသယ်ယူမှုမှ အဓိကပြန့်ပွားခြင်းဖြစ်ရာ ပိုးကျရောက်ထားသည့် သရက်သီးများအား စိုက်ခြင်းအ တွင်းရွှေ့ပြောင်းရာတွင်လည်းကောင်း၊ အခြားနေရာများသို့ ရွှေ့ပြောင်းရာတွင် လည်းကောင်း အထူးသတိပြုရန် လိုအပ်ပြီး ဖြစ်နိုင်သမျှရွှေ့ပြောင်းမှုမပြုလုပ်ရန် လိုအပ်ပါသည်။
(ခ ) ပိုးများထပ်မံပေါက်ဖွားမှုအားကာကွယ်ခြင်း။ သရက်သီးများခူးဆွတ်ပြီးသည်နှင့် (၃ပါတ်အတွင်း) သရက်ပင်များအနီးကြွေကျနေသော သရက်သီး/သရက်စေ့များ အား ကောက်ယူစုစည်း၍ စုပုံမီးရှို့ခြင်းပြုလုပ်ရပါမည်။ အကယ်၍ မြေကြီးအတွင်း မြှုပ်နှံ မိသရက်သီး/ သရက်စေ့အား(ရေ၁၀၀လီတာတွင် ၇၅မီလီလီတာရောစပ်ထားသော) ဖန်သီယန်(Fenthion)ဖြန်းဆေး(သို့) (ရေ၁၀၀လီတာတွင် ၁၀၀မီလီလီတာရောစပ် ထားသော) ဒိုင်မီသိုယတ်ဖြန်းဆေးတို့ဖြင့် စနစ်တကျဖြန်းပြီးမှ အနည်းဆုံး(၁မီတာ/ ၃ပေခန့်) အနက်တွင် တွင်းတူးမြုပ်နှံရန်လိုအပ်ပါသည်။
(ဂ) ပိုးကာကွယ်နှိမ်နင်းခြင်း။ သရက်အစေ့ထိုးပိုးအား ကာကွယ်နှိမ်းနင်းနိုင်သည့်ဆေးမှာ နှစ်မျိုးရှိပြီး ကာဘရယ်(Cabaryl) နှင့် ဖန်သီယန်(Fenthion) တို့ဖြစ်ပါသည်။ အဆိုပါ ဆေး(၂)မျိုးစလုံး ဖြန်းဆေးမျာဖြစ်ပြီး အသုံးပြုပုံမှာ ရေ(၁၀၀)လီတာတွင် ကာဘရယ် ဆေးမှုန့်(၁၂၅)ဂရမ်အားရောစပ်၍ ဖျော်ရည်အဖြစ်ပြုလုပ်ပြီး သရက်ပင်များ ပန်းမ ပွင့်မီကာလတွင် တစ်ကြိမ်ဖြန်းပေးရပါမည်။ ထိုသို့ ဖြန်းရခြင်းမှာ သရက်ပင်စည် အခေါက်များကြားတွင် ခိုအောင်းနေသည့် အရွယ်ရောက်ပြီးအစေ့ထိုးပိုးများ သေကြ ပြီး အရေအတွက်လျော့ကျစေရန်ဖြစ်သည်။ ထို့နောက် ရေ(၁၀၀)လီတာတွင် ဖန်သီယန်ဆေးရည်(၇၅)မီလီလီတာရောစပ်ထားသော ဖျော်ရည်အား သရက်သီးများ (ဂေါက်သီးအရွယ်)တွင် (ပထမ)တစ်ကြိမ်ဖြန်းရပါမည်။ ထို့နောက် (၃)ပါတ်ခန့်အကြာ တွင် နောက်တစ်ကြိမ်ထပ်မံပက်ဖြန်းရပါမည်။ ဖန်သီယန်ဆေး(၂)ကြိမ်ဖြန်းရခြင်းမှာ အရွယ်ရောက်ပြီးအစေ့ထိုးပိုးများ သေကြေစေရန်အပြင် သရက်သီးအတွင်းသို့ ရောက်ရှိနေနိုင်သည့် ပိုးလောက်ငယ်များ သေကြေစေရန်ဖြစ်ပါသည်။
ဆေးဖြန်းမှုများ၏ သက်ရောက်မှုအပေါ်မူတည်၍ လိုအပ်မှုအပေါ်ထပ်မံပက်ဖြန်းခြင်း ပြုလုပ် ရမည့်အပြင် ဆေးဖြန်းမှုကြောင့် သရက်သီးပွင့်မှုနှင့် ဝတ်မှုန်ကူးစနစ်အား သက်ရောက်ထိခိုက်ခြင်း ရှိ/မရှိကိုလည်း ကျွမ်းကျင်သူများဖြင့် မပတ်လေ့လာစောင့်ကြည့်သွားရန်လိုအပ်ပါမည်။
DOCA(ရှမ်း)