Main menu

လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့

Powered by Drupal
Mon, 03/10/2025 - 15:30 -- consumer_admin

          ဤသတ္တကမ္ဘာကြီးတွင် လူသားများရှင်သန်နေထိုင်ရန်အတွက် အရေးကြီးဆုံး အချက်မှာ စား ၊ ဝတ်၊ နေ၊ ရေး ဟူသည့် အခြေခံအချက်များပင်ဖြစ်သည်။ လူသားတစ်ဦး ရှင်သန်ရပ်တည် နိုင်ရေးအတွက် အဆိုပါအခြေခံအချက်များဖြင့် ပြည့်စုံမှသာ သမမျှတသော စိတ်ကျေနပ်ဖွယ် ကောင်းသောလူနေမှုဘဝကို ရရှိခံစားနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ညာ့ကုလသမ္မဂ္ဂမှ ထုတ်ပြန်သော စားသုံးသူအခြေခံအခွင့်ရေးများတွင် Right to basic need (စားသုံးသူ အခြေခံအခွင့်ရေးများတွင် စိတ်ကျေနပ်မှုရရှိပိုင်ခွင့်)၊ Right to chooses (ကုန်စည်နှင့် ဝန်‌ဆောင်မှုများကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူပိုင်ခွင့်)၊Right to healthy environment (ကောင်းမွန်သောပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်နိုင်ခွင့်) စသည့်အချက်များကို  ထည့်သွင်းထား ခြင်းဖြစ်သည်။ စားသုံးသူတိုင်းသည် စားသုံးသူအခြေခံအခွင့်ရေးမျှတစွာရရှိမှသာ စဉ်ဆက်မပြတ် တိုးတက်သည့် အသွင်ကူးပြောင်းနိုင်သည့် လူနေမှုဘဝကို ပိုင်ဆိုင်နိုင်သည့် စားသုံးသူများအဖြစ် နိုင်ကြမည်ဖြစ်ပြီး စားသုံးသူအခွင့်အရေးအပြည့်အဝရရှိခြင်းသည် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိရန် အဓိကအချက်ဖြစ်သည်။

စဉ်ဆက်မပြတ် ရှင်သန်တည်တံ့နိုင်သော လူနေမှုဆိုသည်မှာ ကောင်းမွန်စွာနေထိုင်နိုင် ခြင်း၊ သင့်လျော်သော လူနေမှုအဆင့်အတန်းနှင့် အခြေခံအချက်များအပေါ် ရွေးချယ်နိုင်သော အခွင့်ရေးရှိခြင်းတို့အပြင် ဘေးအန္တရာယ်ကင်းသော ကျန်းမာသန့်ရှင်းသည့် လေထုနှင့် ပတ်ဝန်းကျင် တွင် ရှင်သန်နိုင်ခြင်းစသည့် အချက်များဖြင့် ပြည့်စုံသည့် လူနေမှုဘဝကို ခေါ်ဆိုခြင်းဖြစ်သည်။ ကောင်းမွန်သော လူနေမှုဘဝကိုရရှိကြရန်အတွက်လည်း စားသုံးသူများ၏ အခြေခံအခွင့်ရေးများ အပြည့်အဝရရှိရန် လိုအပ်ပေသည်၊။

ကမ္ဘာ့စားသုံးသူအခွင့်ရေးများနေ့ World Consumer Rights Day သည်ကမ္ဘာတစ်ဝှမ်းရှိ ကဏ္ဍအသီးသီးမှ စားသုံးသူများ၏ အခွင့်အရေးများအကြောင်း အသိပညာပေးရန်အတွက် အရေးကြီး သောနေ့ရက်တစ်ခုလည်းဖြစ်သည်။ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ စံနှုန်းများကို အကဲဖြတ်ရန်နှင့် စားသုံးသူများအတွက် အကျိုးရှိစေမည့် အသိပညာပေးလှုံ့ဆော်မှုများပြုလုပ်ရန် နေ့ထူးနေ့မြတ်တစ်ရက်လည်းဖြစ်သည်။ ထို့ကြောင့်လည်း ယခုနှစ် ၂၀၂၅ ခုနှစ်၊ Consumer International မှ သတ်မှတ်သည့် ဆောင်ပုဒ်အဖြစ် A Just Transaction to Sustainable Lifestyles (လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့)ဟူ၍ သတ်မှတ်ခဲ့ပြီး လူသား(တစ်နည်းအားဖြင့်) စားသုံးသူများအတွက် အခြေခံအခွင့်ရေးများ အားကောင်းလာစေရန်၊ ရေရှည်တည်တံ့သော စားသုံးမှုကို မြှင့်တင်ရန်နှင့် စားသုံးသူ အခွင့်အရေးများကို စားသုံးသူများသိရှိနားလည်မှု တိုးမြင့်လာခြင်းဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများ၊ ဒေသလိုအပ်ချက်များနှင့်အညီ နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိရေး သိသာထင်ရှားသော ခြေလှမ်းများကို လုပ်ဆောင်နိုင်ရန်နှင့် စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိပြီး ကောင်းမွန်သာယာသော ကျန်းမာသည့်လူနေမှုပတ်ဝန်းကျင်တွင် အစဉ်သဖြင့် ပျော်ရွှင်စွာနေထိုင်နိုင်ရန် ရည်ရွယ် သည့်အပြင် စားသုံးသူစျေးကွက်ကို တရားမျှတသော အလေ့အကျင့်များ၊ စားသုံးသူ အခွင့်ရေးများနှင့် ယှဉ်ကာသုံးသပ်နိုင်ရန်လိုအပ်ပြီး စားသုံးသူအလေ့ အထများမှ တစ်ဆင့် ရေရှည် တည်တံ့သော စဉ်ဆက်မပြတ် အသွင်ကူးပြောင်းနိုင်သည့် လူနေမှု ဘဝကို အားပေးတိုက်တွန်းရန် ဖြစ်သည်။ စားသုံးသူတိုင်း စားသုံးသူအခွင့်အရေးများ၏ အရေးပါမှု ကိုသိရှိနိုင်ပြီး စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့ မျှတသောအရောင်းအ၀ယ်နှင့် ရေရှည်တည်တံ့ သောလူနေမှုပုံစံများကို ခွဲခြမ်းစိတ်ဖြာကာ တာဝန်ယူမှုရှိသော စားသုံးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာ ကိုမြှင့်တင်ရန် အချိန်အခါကောင်းတစ်ခုအဖြစ် ရည်ရွယ်ပြီး  ယခုနှစ်အတွက် ကမ္ဘာ့ စားသုံးသူများနေ့ ဆောင်ပုဒ်အား ပြဌာန်းခဲ့ခြင်းဖြစ်သည်။

ကောင်းမွန်သာယာ၍ ကျန်းမာသောလေထုကို ပိုင်ဆိုင်နိုင်သည့် ပတ်ဝန်းကျင်ဟု ဆိုကြရာတွင် ယနေ့ကမ္ဘာပေါ်တွင် ရင်ဆိုင်နေရသော အဓိကပြဿနာမှာ လေထုညစ်ညမ်းခြင်းဖြစ်ပြီး ကမ္ဘာပေါ်ရှိ လူဦးရေတိုးပွားလာသည်နှင့်အမျှ လူသားတို့ စား၊ ဝတ်၊ နေ၊ ရေးအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းမျိုးစုံကိုလုပ်ကိုင်ကြရသည်ဖြစ်ရာလူသားများနေ့စဉ်အသုံးပြုပြီးစားသောက်ဆိုင်၊ဟိုတယ်၊ မိုတယ်များ၊ စက်ရုံ၊အလုပ်ရုံများမှ ထွက်ရှိလာသည့် ဓာတ်ငွေ့များ၊အမှိုက်များ၊ စွန့်ပစ်ပစ္စည်းများ၊  အပြင်နေ့စဉ် အသုံးပြုနေရသည့် လောင်စာဆီသုံးယာဉ်များကြောင့်လည်း လေထုညစ်ညမ်းမှုများ ပိုမိုဖြစ်ပေါ်ကာ ကျန်းမာရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နေကြရသည်လည်း ဖြစ်သည်။ ဖွံ့ဖြိုးပြီး အချို့နိုင်ငံ ကြီးများတွင်ပင် လေထုညစ်ညမ်းမှုမြင့်တက်နေသဖြင့် အနီရောင်အဆင့်သတ်မှတ်ပြီး အရေးပေါ်အခြေနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကာ ကျန်းမာရေးပြဿနာများစွာ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း နေ့စဉ်သတင်းများတွင် တွေ့မြင်နေရပါသည်။ အဆိုပါ လေထုညစ်ညမ်းမှု၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် အသက်ရှူလမ်းကြောင်းရောဂါများ ရင်ဆိုင်ကြုံတွေ့နေရ သကဲ့သို့   လေထု ညစ်ညမ်း မှု၏ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သော ကမ္ညာကြီးပူနွေးလာပြီး အပူရှိန် မြင့်တက်လာ ခြင်း ပြဿနာကို ယခင်နှစ်က နိုင်ငံအများစုတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရ သည်။ထို့ကြောင့်ပင် စားသုံးသူများအနေဖြင့် လူနေမှုဘဝ အစဉ်သဖြင့် ရေရှည်တည်တံ့နိုင်စေရေး သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် အသုံးအဆောင်များ၊ အစားအသောက်များကို ရွေးချယ်စားသုံးနိုင်ရေး ၊အသုံးပြုနိုင်စေရေးတို့အတွက်  စဉ်ဆက်မပြတ်အသိပညာပေးမှုများ၊  ကျင့်ဝတ်များကို လေးစားလိုက်နာရန်လိုအပ်လာသည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာကြီး စဉ်ဆက်မပြတ်အသွင်ကူးပြောင်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်များတွင် ဆင်းရဲမွဲတေမှုကို အဆုံးသတ်ရန်၊ ကမ္ဘာမြေကြီး၏ ဇီဝနယ်ပယ်ကို ကာကွယ်ရန်နှင့်အားလုံးအတွက်သာယာဝပြောရေးစသည့်ပန်းတိုင်(၁၇)ချက်ပါဝင်သည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) တွင် ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်ရေး၊ ကျားမ တန်းတူညီမျှမှုကို မြှင့်တင်ရန်နှင့် ရာသီဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံး ခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်း ရေးတို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အစိုးရက ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်များ (SDGs)(၂၀၃၀)အပေါ် လိုက်ပါအကောင်ထည်ဖော်ဆောင် ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် မူဝါဒ၊ လုပ်ထုံး လုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေ များပြဌာန်း၍ ကုလသမ္မဂ္ဂစဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ  SDGs (၂၀၃၀) အပေါ် သက်ဆိုင်ရာဌာနအသီးသီးအလိုက် ကဏ္ဍများချမှတ်၍ စဉ်ဆက်မပြတ် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ SDGs (၂၀၃၀) အပေါ် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထူးသဖြင့် စားသုံးသူအခွင့်အရေးနှင့်စပ်လျဉ်း၍ စားသုံးသူများအတွက် တရားမျှတပြီး ရေရှည်တည်တံ့သော အနာဂတ်ကို အာမခံချက်ပေးနိုင်ရန် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများပြဌာန်းရေးဆွဲပြီး စားသုံးသူ/စီးပွားရေး လုပ်ငန်းရှင်များအား ကဏ္ဍအလိုက်၊အလွှာအလိုက် အသိပညာပေးမှုများစဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် စားသုံးသူ အခွင့်အရေးများ ကြား အပြန်အလှန်ဆက်စပ်မှုကို စူးစမ်းလေ့လာ နိုင်ရန်လိုအပ်ပြီး နိုင်ငံ၏တိုးတက်မှု၊ စိန်ခေါ်မှုများနှင့် sdgs ပန်းတိုင်များကို အကောင် အထည်ဖော်ရာတွင် စားသုံးသူအသိပညာပေးမှု အခန်းကဏ္ဍကို အလေးပေးဖော်ပြရန် လည်း လိုအပ်သည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်၊ မျှတအသွင် ကူးပြောင်းနိုင်ရန် စားသုံးသူ ကာကွယ်ရေးပညာပေးအစီအစဉ်များ

ရေရှည်တည်တံ့သော စားသုံးမှုပုံစံများအဖြစ်ရပ်တည်နိုင်စေရေးအတွက် မြန်မာ နိုင်ငံတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ GIZ ၏ပံ့ပိုးကူညီမှုဖြင့် အမျိုးသား စားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP)၂၀၂၁-၂၀၂၅ ကို ရေးဆွဲခဲ့သည်။ NCPP ၏ အဓိကရည်ရွယ်ချက်များမှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများ၏ ဘေးကင်းစေရန်အတွက် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခု ဖန်တီး ရန်ဖြစ်သည်။ NCPP သည် အဓိက လုပ်ငန်းစဉ်ငါးရပ်မှာ-

(က) စားသုံးသူအကာအကွယ်ပေးရေးမူဝါဒများ ဖော်ဆောင်ရေးနှင့် ပံ့ပိုးပေးရေး လုပ်ငန်းစဉ်များ

(ခ) စားသုံးသူပညာရေး၊

(ဂ) ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊

(ဃ) စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ နှင့်

(င) စားသုံးသူ နစ်နာမှုများအတွက်ကုစားခြင်းတို့ဖြစ်သည်။

 NCPP တွင် မဟာဗျူဟာအစီအမံများနှင့် လုပ်ဆောင်မှု ၃၆ ချက်ကို ချမှတ်ခဲ့ပြီး NCPP လက်အောက်ရှိ ပဏာမခြေလှမ်းများကို အကောင်အထည်ဖော်ရန်အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်တာကာလကို မျှော်မှန်းထားပြီး စားသုံးသူရေးရာဦးစီး ဌာနအနေဖြင့် စားသုံးသူများ၏ လူနေမှုဘဝ အစဉ်ဖွံ့ဖြိုးရေးအတွက် စစ်ဆေးရေး အရာရှိများမှ ကုန်စည်များဘေးကင်းလုံခြုံစိတ်ချစေရန်အတွက် ကုန်ပစ္စည်း အမျိုးအစား ကဏ္ဍအလိုက် စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ကုန်စည်ဝန်ဆောင်မှုများ ဘေးကင်းလုံခြုံစေရေးအတွက်စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းများကို အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာရေး တက္ကသိုလ်များ၊ ဈေးများ၊ရပ်ကွက်များတွင် စဉ်ဆက်မပြတ်အသိပညာပေးခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူ နစ်နာ ဆုံးရှုံးခြင်း ရှိပါက လည်း CONSUMER CALL CENTER -1535 ကို ခေါ်ဆို၍ လည်းကောင်း၊တိုင်းဒေသကြီး/ ပြည်နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနရုံးများသို့လာရောက်၍လည်းကောင်း၊ FACEBOOK PAGE များ၊ DOCA MOBILE APPLICATION အား DOWNLOAD    ရယူကာ APPLICATION မှတစ်ဆင့် တိုင်ကြားနိုင်သည့် စားသုံးသူ အခွင့်အရေးများရှိခြင်း ကိုလည်း စားသူံးသူများသိရှိစေရန် စားသုံးသူ အသိပညာ ပေးစကားဝိုင်းများ၊TALK SHOW များ၊ အသိပညာပေးCAMPAIGN များဖြင့် လူထုဆက်သွယ်ရေးနည်းလမ်းများဖြစ်သည့် ရုပ်မြင်သံကြားအစီအစဉ်များ၊ doca facebook page များတွင်  လွှင့်တင်၍  စဉ်ဆက်မပြတ် အသိပညာပေး ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။

SDGs မူဘောင်ရှိ စားသုံးသူအခွင့်အရေးများ၏ အရေးပါမှု

စားသုံးသူတစ်ဦးချင်းစီသည် ဘေးကင်းသော ကုန်စည်၊ ဝန်ဆောင်မှုများ နှင့် တရားမျှတမှုရှိသော ဈေးကွက်ကျင့်ထုံးများကို ကောင်းမွန်စွာသိရှိနားလည်၍ ရွေးချယ် စားသုံးတတ်ရန်၊  တရားမျှတသောအလေ့အကျင့်များကို လိုက်နာကျင့်သုံးရန် လိုအပ် ပါသည်။သို့မှသာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး မျှတအသွင် ကူးပြောင်းနိုင်သည့် လူနေမှုဘဝများကို ရရှိပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။ SDGS ၏ ရည်မှန်းချက်ပန်းတိုင်  ပန်းတိုင် ၁၀ ဖြစ်သည့် (မညီမျှမှုများကို လျှော့ချပေးခြင်း)တွင် စားသုံးသူများကလည်း စားသုံးသူအခွင့်ရေးနှင့်တာဝန်များကို လိုက်နာကျင့်သုံးရန်လိုသလို စီးပွားရေးလုပ်ငန်းရှင်များက လည်းစီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်ဝတ္တရားများကို တိကျစွာလိုက်နာရန် လိုအပ် သည်။ ပန်းတိုင် ၁၂ (တာဝန်ရှိစားသုံးမှုနှင့် ထုတ်လုပ်မှု)တွင် စားသုံးသူများမှ မိမိတို့ စားသုံးသည့် ကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသားများကိုသေချာစွာ စိစစ်လေ့လာ၍ ရွေးချယ်စားသုံး တတ်ဖို့လိုသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များ ဘက်မှလည်း မိမိတို့ထုတ်လုပ်သည့် ကုန်စည်၊ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူများ သေချာစွာရွေးချယ် စားသုံးနိုင်ရန် မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြရန် လိုအပ်ပြီး သက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များဖြင့် ဘေးကင်းသောကုန်စည်များ ထုတ်လုပ်ရန် လိုအပ်သည်။

အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံတွင် စားသုံးသူအခွင့်အရေးများအဖြစ် ဘေးကင်းသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အသုံးပြု/စားသုံးပိုင်ခွင့်၊ သတင်းအချက်အလက်ရရှိပိုင်ခွင့်၊ ပွင့်လင်းမြင်သာမှု၊ မျှတသော ဆက်ဆံမှုနှင့် တရားမျှတမှုမရှိသော အကျင့်ဆိုးများတွင် ပြန်လည် ဖြေရှင်းခွင့်အပါအဝင် စားသုံးသူများအတွက် ထိရောက်သော အကာအကွယ်များကို စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)တွင် အပြည့်အဝထည့်သွင်းပြဌာန်းထားပြီးဖြစ်သည်။ယနေ့ခေတ်တွင် စားသုံးသူများသည် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ရွေးချယ်မှုများတွင် ရွေးချယ်နိုင်စရာ အများအပြား အခွင့်အရေးရှိပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ၏ အကျိုးစီးပွား အတွက် ထည့်သွင်းစဉ်းစားရန်အချက်မှာ  ယခင်ကထက် ပိုမိုအရေးကြီးလာသည်။

သို့သော်လည်း မိမိတို့ နိုင်ငံတဝှမ်းလုံးတွင် စားသုံးသူအခွင့်အရေးများကို လူတိုင်း အသိအမှတ်ပြု နားလည်ပြီး လိုက်နာကျင့်သုံးနိုင်စေရန်အတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် များစွာ  ကျန်ရှိသေး သည်။ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များ အနေဖြင့် စားသုံးသူ အခွင့်အရေးများကို စားသုံးသူတိုင်း သိရှိလိုက်နာနိုင်စေရန် နှင့် ကျန်းမာရေး နှင့်ညီညွတ်သော ထုတ်ကုန်၊ ဝန်ဆောင်မှုများကို စားသုံးသူများ ရွေးချယ်စားသုံးနိုင်ရန်၊ အသုံးပြုနိုင်ရန် စားသုံးသူစျေးကွက်အတွက် လိုအပ်သော ပံ့ပိုးကူညီမှုများကို ပံ့ပိုးပေးရန်အတွက်  အစိုးရ/ပုဂ္ဂလိကအတူလက်တွဲ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည်။

စားသုံးသူများအတွက် စားသုံးသူအကာကွယ်ပေးနိုင်ရေး၊ စားသုံးသူများ တောင်းဆိုမှု၏ အဓိကအချက်မှာ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများကြား တရားမျှတသော၊ ကျင့်ဝတ်နှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပွင့်လင်းမြင်သာသောကတိကဝတ်များ ဖြစ်သည်။ စားသုံးသူ/စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးနှစ်ဖက်လုံးမှ စားသုံသူကာကွယ်ရေးဥပဒေကို  လေးစား လိုက်နာပြီး စားသုံးသူများ၏ ဝယ်ယူရွေးချယ်သော ကုန်စည်နှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီ

နိုင်ခွင့်နှင့် တရားမျှတသော ပွင့်လင်းမြင်သာသော ကုန်စည်၊ဝန်ဆောင်မှုများ၏ စံချိန်စံညွှန်းများကို မြှင့်တင်ရန် စားသုံးသူ/ စီးပွားရေး လုပ်ငန်း ရှင်များတွင် တာဝန်ရှိပါသည်။

စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်ရှိမှု

စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စားသုံးသူများအား တိကျသော သတင်းအချက် အလက်များပေးခြင်း၊ စားသုံးသူများကို ထင်ယောင်ထင်မှားဖြစ်စေမည့် စျေးနှုန်းမြှင့်တင် ရောင်းချ ခြင်း၊ စားသုံးသူများအား လိမ်လည်လှည့်ဖျားသောကြော်ငြာများ၊ အရောင်းမြှင့်တင်ခြင်းနည်းလမ်း ကို ရှောင်ကြဉ်ခြင်းနှင့် ထုတ်ကုန်အရည်အသွေးစံနှုန်းများပြည့်မီကြောင်း သေချာစေခြင်း စသည့် စားသုံးသူများ စိတ်ကျေနပ်မှုရရှိစေသည့် ကုန်စည်၊ ဝန်ဆောင်မှုများ ပေးရမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  ကုန်စည်ရောင်းဝယ်ခြင်းပြုလုပ်ရာတွင်   လူမှုရေး ဆိုင် ရာတာဝန်ယူမှု (CSR) ကို လက်ခံကျင့်သုံးရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များ၏ အောင်မြင်မှုဆိုသည်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အမြတ်အစွန်းအတွက်တစ်ခုထဲသာမကဘဲ

တရားမျှတပြီး သာတူညီမျှသော စျေးကွက်ကို ပုံဖော်ရာတွင်လည်း စားသုံးသူများ၏ အခန်းကဏ္ဍ မှာ အရေးကြီးသည့်အခန်းကဏ္ဍမှ  ပါဝင်ကြောင်း အသိအမှတ်ပြုခြင်းကို ဆိုလိုပါသည်။ ထို့အပြင်၊ စီးပွားရေးလုပ်ငန်းများသည် ကုန်စည်များဘေးကင်းစိတ်ချလုံခြုံစေရေး ၊ ကုန်စည်များကို တံဆိပ် ကပ်ရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံရေး နှင့်ပွင့်လင်းမြင်သာမှုရှိရန်၊ တိုင်ကြားမှု များကို  စားသုံးသူစိတ်ကျေနပ်မှုရရှိနိုင်စေရန် လျင်မြန်မျှတစွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပါသည်။

စားသုံးသူများ၏ တာဝန်ရှိမှု

စားသုံးသူများအနေဖြင့် စားသုံးသူတစ်ဦးချင်းစီ၏ ဝယ်ယူမှုဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ထုတ်ကုန်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးကို  ပိုမိုပိုင်းခြားသိမြင်နိုင်ပြီး မိမိတို့ရွေးချယ်စားသုံးသည့်ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုသည် စိတ်ချရသော ဘေးကင်းသည့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုဖြစ်ရန်လိုပြီး သို့မှသာ စဉ်ဆက်မပြတ် သာယာပျော်ရွှင်နိုင်သော လူနေမှုဘဝကို ရရှိမည့် လူ့အသိုင်းဝိုင်းတစ်ခုကို အသွင်ပြောင်းပိုင်ဆိုင်နိုင်မည်လည်းဖြစ်သည်။ စားသုံးသူအနေဖြင့် ကုန်စည်စစ်မှန်ကြောင်း အတည်ပြုနိုင်ခြင်း၊ ကြော်ငြာတွင် ရှင်းလင်း ပြတ်သားစွာ တောင်းဆိုပိုင်ခွင့် အခွင့်အရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ကျင့်ထုံးများကို သရုပ်ပြ သည့် ကုမ္ပဏီ များကို ရွေးချယ်နိုင်ခြင်းစသည့် အခွင့်ရေးများကို ကောင်းစွာ နားလည် သဘောပေါက် ရန်လိုသည်။ အပြန် အလှန်အားဖြင့် အရောင်းအဝယ်များသည် နှစ်လမ်းသွားလမ်းသာဖြစ်သည်-စီးပွားရေး လုပ်ငန်း ရှင်များသည် တာဝန်ခံမှုရှိရမည်၊ စားသုံးသူများသည် ၎င်းတို့၏အခွင့်အရေးနှင့် တာဝန်များကို ကောင်းစွာသိရှိနားလည်ပြီး လိုက်နာကျင့်သုံးရန် လိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က စတင်ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူအခွင့်အရေးများကို အကာအကွယ်ပေးရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်သည်။ စားသုံးသူကာကွယ်ရေးဥပဒေသည် စီးပွားရေးလုပ်ငန်းများကို ၎င်းတို့ကမ်းလှမ်းသည့် ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြတ်သားသော မှန်ကန်သော အချက်အလက်များကို ပေးရန်၊ စားသုံးသူများကို အထင်မှားစေသော ကြော်ငြာများ သို့မဟုတ် စံချိန်မမီသော ကုန်ပစ္စည်းများဖြင့် လှည့်စားခြင်းခံရမှုတို့မှ အကာကွယ်ပေးသည့် ဥပဒေတစ်ခု လည်းဖြစ်သည်။

"ရေရှည်တည်တံ့သော လူနေမှုပုံစံများ" နှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးကဏ္ဍ သည် ပို၍အရေးကြီးလာပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို သတိပြုမိလာသည်  နှင့် အမျှ စားသုံးသူများသည် ကမ္ဘာပေါ်တွင် ၎င်းတို့၏ရွေးချယ်မှုများ၏ အကျိုးသက်ရောက်မှုကို ပိုမို သိရှိလာကြသည်။ ပလတ်စတစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော အရင်းအမြစ်များကို အသုံးပြုခြင်းစသည့်ခေတ်မီစားသုံးမှုပုံစံသည် ရေရှည်တည်တံ့ခြင်း မရှိကြောင်းလည်း နားလည် သဘောပေါက်ရန် လိုသည်။

သဘာဝအရင်းအမြစ်များပေါကြွယ်ဝသော မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုကို  ရွေးချယ် စားသုံးမှု/သုံးစွဲမှု  အထူးအရေးပါလျက်ရှိသည်။ ရာသီဥတု

ဖောက်ပြန်မှု၊ သစ်တောပြုန်းတီးမှုနှင့် လေထုညစ်ညမ်းမှုတို့ကြောင့် စိန်ခေါ်မှုများနှင့်အတူ မိမိတို့နိုင်ငံသည် ပိုမိုစိမ်းလန်းပြီး ပိုမိုတာဝန်သိသော စားသုံးမှုပုံစံများဆီသို့ ဦးတည်သွားရ မည်ဖြစ်သည်။

ရေရှည်တည်တံ့သောလူနေမှုပုံစံများသည် eco-friendly ထုတ်ကုန်များဝယ်ယူခြင်းထက် ၎င်းတို့သည် လူတို့နေထိုင်ပုံစံများကို ပြောင်းလဲရန်လိုအပ်ပြီး  စားသုံးသူများသည် သဘာဝစွမ်းအင် ကို ပိုမိုအသုံးပြုခြင်း၊ ရေထိန်းသိမ်းမှုနှင့် အမှိုက်လျှော့ချရေးကို ဦးစားပေးသည့် ရွေးချယ်မှုများ ပြုလုပ်နိုင်သည်။

ဒေသန္တရနှင့်ကျင့်ဝတ်ဆိုင်ရာ ထုတ်ကုန်များအတွက် ပံ့ပိုးမှု-

ဒေသခံတောင်သူလယ်သမား များ၊ လက်မှုပညာသမားများနှင့် စီးပွားရေး လုပ်ငန်းများကို စားသုံးသူကာကွယ်ရေးအသိပညာပေးအစီအစဉ်များ၊ သဘာဝပတ်ဝန်းကျင်ကို အထိခိုက်နည်း စေနိုင်သည့် နည်းပညာ အထောက်အပံ့ များ၊ မှန်ကန်သောစိုက်ပျိုးနည်းစနစ်များ ၊ပံ့ပိုးပေးရန် လိုအပ်သည်။

အမှိုက်စွန့်ပစ်မှု လျှော့ချခြင်း-

တစ်ခါသုံး ပလတ်စတစ် သုံးစွဲမှုကို လျှော့ချခြင်းနှင့် ပြန်သုံးနိုင်သော ပစ္စည်းများကို ရွေးချယ်ခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသော လူနေမှုဘဝအတွက် အဓိကကျသော ကဏ္ဍတစ်ခုဖြစ်သည်။

ရွေးချယ်စားသုံးခြင်း-

ထုပ်ပိုးမှုနည်းသော ကုန်စည်များ သို့မဟုတ် အော်ဂဲနစ်ကုန်စည်များ၊ တရားမျှတသော ကုန်သွယ်မှုနှင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ကုန်စည်များကို ရွေးချယ်စားသုံးရန် လိုအပ်ပြီး စားသုံးသူများ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ရွေးချယ် စားသုံးနိုင်စေရန် စားသုံးသူအသိပညာပေးမှုများကို အစိုးရ၊ဌာနဆိုင်ရာ များနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ အသိပညာပေးခြင်းဖြင့် ရေရှည်တည်တံ့မှုကို အထောက်အပံ့ကောင်းများဖြစ်စေနိုင်သည်။

ပိုမိုခိုင်မာသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု-

စားသုံးသူအကာကွယ်ပေးရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင် မြဲရေးဆိုင်ရာ ကိစ္စရပ်များ၊ စံချိန်စံညွှန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခြင်း၊ international conventionများ၊ forumများ တက်ရောက်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များ၊ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့နိုင်ရေးစသည့် ကိစ္စရပ်များ စိန်ခေါ်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ အကြံဉာဏ်သစ်များ၊ နည်းပညာများနှင့် ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖြေရှင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စားသုံးသူအခွင့်အရေးများနေ့သည် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ တိုးတက်မှုအပြင် ရှေ့လာမည့်စိန်ခေါ်မှုများကိုပါ ထည့်သွင်းစဉ်းစားရန် မရှိမဖြစ် အချိန်အခါ

တစ်ခုဖြစ်သည်။ ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှု၊ သဘာဝအရင်းအမြစ်များ လျော့နည်းလာခြင်းနှင့် ကျင့်ဝတ်ဆိုင်ရာ လုပ်ငန်းအလေ့အထများနှင့် တရားမျှတသော အရောင်းအ၀ယ်ပြုလုပ်ရန်နှင့် ရေရှည်တည်တံ့သော လူနေမှုပုံစံများကို စားသုံးသူများဘက်မှ ရွေးချယ်တောင်းဆိုနိုင်မှုသည် ပို၍ လိုအပ်လာသည်။ စားသုံးသူအခွင့်အရေးများမြှင့်တင်ခြင်း၊ ကျင့်ဝတ်ဆိုင်ရာစီးပွားရေးအလေ့အကျင့်များ မွေးမြူခြင်းနှင့် ရေရှည်တည်တံ့သောလူနေမှုဘဝကို အစိုးရ/ပုဂ္ဂလိက/သက်ဆိုင်ရာအစိုးရဌာနအသီးသီးမှ ပံ့ပိုးပေးခြင်းဖြင့် မြန်မာနိုင်ငံသည် အနာဂတ် မျိုးဆက်သစ်များအား လူနှင့်ကမ္ဘာမြေကို လေးစားလိုက်နာသော မျှတပြီး စဉ်ဆက်ပြတ် ဖွံ့ဖြိုး တိုးတက်သော ရေရှည်တည်တံ့သည့် လူနေမှုဘဝကို ရရှိစေမည်ဖြစ်သည်။

 အချုပ်အားဖြင့် ဆိုရသော် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ သာမက စားသုံးသူများ ကိုယ်တိုင်ကလည်း စားသုံးသူ အခွင့်အရေး ပိုမိုသိရှိလိုက်နာနိုင်၍ စားသုံးများအတွက် တရားမျှတသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရေး တွန်းအားပေး ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန် တာဝန်ရှိပါသည်။ သို့ဖြစ်ရာ ၂၀၂၅ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် ‘လူနေမှုဘဝအစဉ်တည်တံ့စေဖို့ မျှတအသွင်ကူးပြောင်းနိုင်ကြပြီး စားသုံးသူအခွင့်ရေးများကို လေးစားလိုက်နာ ကြသည့် စားသုံးသူ များဖြစ်ကြပါစေကြောင်း ဆုတောင်းရင်း ယခုနှစ် စားသုံးသူအခွင့်ရေးများနေ့ကို ဂုဏ်ပြု ရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)