ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ၁၃.၆.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဗန်းမော်မြို့အတွင်း စားသုံးဆီးဖြန့်ဖြူးရောင်းချသည့် ဦးကောင်းပဲဆီသန့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒေါ်နှောင်းနှောင်းဝင်း(ဒု-ဦးစီးမှူး)က စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ စားသုံးသူသည်ကုန်စည်ကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှု၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ပုဒ်မ၄၁(ခ)နှင့်(ဆ)တို့တွင် ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည် ဖြစ်ကြောင်းနှင့် ၂၀.၁၂.၂၀၂၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာဆောင်ရွက်ရန်နှင့် ညွှန်ကြားချက် ထုတ်ပြန်သည့်နေ့မှစ၍ ၂၀.၆.၂၀၂၂ ရက်နေ့တွင် (၆)လပြည့်မြောက်ကာ အာဏာသက်ရောက်မည် ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှု ရှိမရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် လာရောက်ညှိနှိုင်း၍ ကုန်အညွှန်းအမှတ်အသားအတည်ပြုချက် လျှောက်ထားဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)