
သီရိလင်္ကာနိုင်ငံအနေဖြင့် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့တွင် “သန့်ရှင်းသော သီရိလင်္ကာ” အစီအစဉ်ဖြင့် ပြည်သူများ အား စားသုံးသူအခွင့်အရေးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ စားသုံးသူကာကွယ် ရေးနှင့်ပတ်သက်သော အမြင်ခံယူချက်ပြောင်းလဲနိုင်ရေး ကြိုးပမ်းခြင်းများ ဆောင်ရွက်ခဲ့ သည်။
ဤအစီအစဉ်နှင့်ပတ်သတ်သော ဆွေးနွေးပွဲကို သမ္မတအတွင်းရေးမှူး Dr. Nandika Sanath Kumanayake ၏ ဦးဆောင်မှုဖြင့် သမ္မတရုံးတွင် ကျင်းပခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။ ထို ဆွေးနွေးပွဲတွင် သမ္မတအတွင်းရေးမှူး Dr. Nandika Sanath Kumanayake က နိုင်ငံသားများအနေဖြင့် ဘေးကင်းပြီး အရည်အသွေးမြင့်မားသော အစားအစာများကို ရရှိ နိုင်ကြောင်း သေချာစေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လက်ရှိမူဝါဒများနှင့် အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် စားသုံးသူများ အရည်အသွေးမြင့်မားပြီး ဘေးကင်းသော အစားအစာ များကို ရရှိနိုင်သည့် အခွင့်အရေးများကို သေချာစွာရရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ခဲ့ကြသည်။ ၎င်းနောက် ကျန်းမရေးစံချိန်စံညွှန်းများနှင့်အညီ လိုက်နာမှုရှိသည့် ပတ်ဝန်းကျင် တစ်ခုဖန်တီးနိုင်ရေး အားပေးခြင်း၊ စားသုံးသူများ၏ ယုံကြည်မှုကို မြှင့်တင်ခြင်း၊ ဤ ရည်မှန်း ချက်များကို အောင်မြင်စေရန်အတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံး ပါဝင်ပတ်သက် စေမည့်နည်းလမ်းများကို ရှာဖွေခြင်းတို့အား အဓိကထား ဆွေးနွေးခဲ့ကြ သည်။
"သန့်ရှင်းသော သီရိလင်္ကာ" အစီအစဉ်မှတစ်ဆင့် နိုင်ငံ၏အစားအစာ စံချိန်စံညွှန်း များနှင့် အရည်အသွေးအာမခံချက်ဆိုင်ရာ လက်ရှိမူဝါဒများနှင့် အစီအစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ခြင်းအပေါ် အာရုံစိုက်ဆောင်ရွက်ခဲ့ကြပြီး ဤရည်မှန်းချက်များကို ထိရောက်စွာ အောင်မြင်စေမည့် ဖြစ်နိုင်သော နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။
“သန့်ရှင်းသောသီရိလင်္ကာ” အစီအစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ရာတွင် အဓိကအား ဖြင့် စိုက်ပျိုးရေးဝန်ကြီးဌာန၏ မူဝါဒများအပေါ် ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် စိုက်ပျိုးရေး ထွက်ကုန်များ၏ ဘေးကင်းမှုနှင့် သင့်လျော်သော သိုလှောင်မှုရှိစေရေးတို့ကိုလည်း ဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် နိုင်ငံတွင်းရှိ စားသောက်ဆိုင်များ အသိအမှတ်ပြုဖွင့်လှစ်နိုင်ရေး၊ လမ်းဘေး ဈေးသည်များ စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီသော အစားအစာများ ရောင်းချနိုင် ရေး၊ အစားအသောက်ထရပ်ကားများ မှတ်ပုံတင်နိုင်ရေးနှင့် ဝန်ထမ်းများ စည်းကမ်း လိုက်နာစေရေး ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ သမ္မတ၏ အကြီးတန်းအတွင်းရေးမှူးနှင့်အတူ ပြည်သူ့အုပ်ချုပ် ရေး၊ ပြည်နယ်ကောင်စီများနှင့် ဒေသန္တရအစိုးရဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် မီဒီယာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြေယာနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စားနပ်ရိက္ခာ ကော်မရှင်ဌာန၊ စိုက်ပျိုးရေးဌာန၊ ကျန်းမာရေးဝန်ဆောင်မှုဌာန၊ စားသုံးသူရေးရာ အာဏာပိုင်အဖွဲ့၊ သီရိလင်္ကာ စံချိန်စံညွှန်းအဖွဲ့၊ အမျိုးသားဆေးဝါးစည်းမျဉ်းအာဏာပိုင်အဖွဲ့၊ စက်မှုနည်းပညာအင်စတီကျူ၊ ဗဟိုပတ်ဝန်းကျင်အာဏာပိုင်အဖွဲ့၊ အမျိုးသားအစားအစာ မြှင့်တင်ရေးဘုတ်အဖွဲ့နှင့် စံချိန်စံညွှန်းများနှင့် ဝန်ဆောင်မှုများဌာနတို့မှ အကြီးတန်းအရာရှိ များလည်း တက်ရောက် ခဲ့ကြ သည်။
DOCA(မန္တလေး)