
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁၇.၃.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၆:၀၀) နာရီအချိန်၌ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် မြင်းခြံမြို့ရှိ စားသုံးဆီလက်လီလက္ကားအရောင်းဆိုင်ရှင်များနှင့်တွေ့ဆုံ၍ ဘေးအန္တရာယ်ရှိနိုင်သောရောနှောဆီများရောင်းချမှုမရှိစေရေး၊ စားသုံးဆီများကိုသတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချစေရေးနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများအား ဟောပြော ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောဆွေးနွေးမှုတွင် ခရိုင်ဦးစီးမှူးက နိုင်ငံတော်မှပြည်သူများကို သက်သာ သောဈေးဖြင့် ရောင်းချပေးသောစားအုန်းဆီများကို အလေးချိန်ပြည့်မီစွာရောင်းချရန်၊ သတ်မှတ် ဈေးနှုန်းများအတိုင်း ရောင်းချစေရန်၊ စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများ အမှန် တကယ်ပြည်သူ့လက်ဝယ်သို့ ရောင်းချပေးစေရေး၊ စားသုံးသူများအားဘေးအန္တရာယ်ဖြစ်စေနိုင်သော ရောနှောဆီများ၊ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ ထည့်သွင်း ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာမပါရှိသော စားသုံးဆီများအား ရောင်းချမှုမပြုလုပ်ရန်၊ ပြစ်မှု၊ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး၊ စီးပွားရေးလုပ်ငန်း ရှင်များအားလုံး ဥပဒေများနှင့်အညီ ဆောင်ရွက်စေရေးများအား ရှင်းလင်းဟောပြောဆွေးနွေးခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)