
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်။ ဒု- ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၂၀၂၅ခုနှစ် မတ်လ (၁၉)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် မအူပင်မြို့၊ ကမ်းနားလမ်းပေါ်ရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော “မွန်ဟန်း ၊ “ဝလေးလုံး” ‘’ကျော်ပဒေသာ’’ကုန်မျိုးစုံနှင့် အချိုရည်အမျိုးမျိုး ဖြန့်ချီရေးဆိုင် (၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စစ်ဆေးရာတွင် မအူပင်ခရိုင်မှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ကုန်မျိုးစုံဆိုင် (၃)ဆိုင်သို့ ဖြန့်ဖြူးရောင်းချနေသော အသင့်သောက်အချိုရည် အမျိုးမျိုးနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှု ရှိ/ မရှိ၊ ကန့်သတ်တားမြစ်ထားသည့် ဓာတုဆိုးဆေးများ၊ ဓာတုသကြားများ အသုံးပြုထားခြင်း ရှိ/ မရှိ ၊ ကျန်းမာရေးနှင့် မညီညွှတ်သော ခွင့်ပြုချက်၊ ထောက်ခံချက်များမပါဝင်သော အချိုရည်များ ရောနှောရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ အချိုရည်ဖြန့်ဖြူးရောင်းချသော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)