
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၀.၃.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊မင်းသီရိ(၂)မြို့မရပ်ကွက်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အသေးစား ဒေသထွက်ကုန်လုပ်ငန်းရှင်(၁၅)ဦးအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)