
ကွမ်းခြံကုန်းမြို့နယ်၊ မတ်လ (၂၅) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီ/ လက်ကား အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး ၏ ညွှန်ကြား ချက်နှင့်အညီ စားသုံးသူပြည်သူများ နေ့စဉ်စားသုံးလျှက်ရှိသော စားအုန်းဆီများ လက်လီ/လက်ကား ရောင်းချနေမှု အခြေအနေများကို မတ်လ(၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင် သာယာ ဈေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဇော်မင်းအေး၊ ဦးချစ်ထွေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ရပ်ကွက်အတွင်းနှင့် စည်ပင်သာယာဈေးအတွင်း ရောင်းချနေသာ ဆိုင် များအားစစ်ဆေးကြရာ အမှတ်(၉)ဗိုလ်ချုပ်လမ်း၊ ဈေးပိုင်းရပ်ကွက်ရှိ ဦးဟိန်းသော်ဇင်ဦး(KMA Asia) အရောင်းဆိုင်၊ အမှတ်(၅၆၂) ရတနာပုံ (၂)လမ်း ၊ မကျီးရပ်ကွက်မှ ဦးကျော်လွင် (လက်လီဆိုင်)၊ အမှတ် (၃၁) ဗဟိုဈေးလယ်ဈေးပိုင်းရပ်ကွက် KMA ဦးခင်မောင်အေးနှင့်မောင်နှမများ လက်လီဆိုင်၊ မြို့မဈေးအတွင်းရောင်းချသောဆိုင်(၃၁) ဦးမြင့်မင်းသူဆိုင်၊ ဆိုင်(၄၂/၄၃) ဒေါ်လဲ့လဲ့သင်း (လက်လီဆိုင်)များမှ စီးပွားရေးလုပ်ငန်းရှင်များ နှင့် တွေ့ဆုံကာ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီအမည်၊ ခွဲတမ်းရရှိသည့် စားအုန်းဆီ ပိဿာ၊ ပေပါ၊ ပြန်လည်ဖြန့်ဖြူးရောင်းချသည့် လက်လီ/ လက်ကားဈေးနှုန်းတို့အား စာရင်း ကောက်ယူခဲ့ကြပြီး စားအုန်းဆီကိုယ်စားလှယ်များ အနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူခ၊ အလုပ်သမားခများနှင့် အမြတ်နှစ်ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်းဖြင့် ပြန်လည် ဖြန့်ဖြူးရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း များ မပြုလုပ်ကြရန် စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်ထွန်းဦးမှ တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ် ခဲ့ကြကြောင်း သိရသည်။
DOCA(ရန်ကုန်)