
ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba သည် မတ်လ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ၏ မော်တော်ကားများအပေါ် အခွန် ၂၅ရာခိုင်နှုန်း ထပ်တိုးကောက်ခံမှုအပေါ် ဆုံးဖြတ်ချက်အား များစွာ ဝမ်းနည်းကြောင်းပြောကြားပြီး သက်ဆိုင်ရာအရာရှိများအား ဂျပန်နိုင်ငံ၏ အခွန် ကင်းလွတ်ခွင့်ကို အမြဲတစေညှိနှိုင်းဆွေးနွေးရန် ညွှန်ကြားချက်များပြောကြားခဲ့ကြောင်း သိရပါ သည်။ Ishiba သည် နိုင်ငံခြားရေး ဝန်ကြီး Takeshi Iwaya ၊ အတွင်းဝန် Yoshimasa Hayashi နှင့် အခြား အရေးပါသော အရာရှိများနှင့်အတူ မိနစ် ၅၀ ကြာ အစည်းအဝေးပွဲကို ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာ Nikkei မှတစ်ဆင့် သိရပါသည်။ အဆိုပါ အစည်းအဝေး ပွဲတွင် Iwaya က သတင်းသမားများအား ဂျပန်နိုင်ငံသည် နိုင်ငံ၏ စက်မှုကဏ္ဍအပေါ် အကျိုးသက်ရောက်မှုကို အကဲဖြတ်မည်ဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်အတွက် လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် တောင်းဆိုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မတ်လ ၂၄ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံ၏ အခွန်တိုးမြင့် ကောက်ခံမှုအပေါ် လွန်စွာ ဝမ်းနည်းကြောင်းနှင့် ထိုလုပ်ရပ်သည် ဂျပန် နှင့် အမေရိကန် နှစ်နိုင်ငံကြား စီးပွားဆက်ဆံရေး၊ ကမ္ဘာ့စီးပွားရေးနှင့် အထွေထွေကူးသန်း ရောင်းဝယ်ရေးစနစ်များတွင် အကျိုးသက်ရောက်မှုများ ရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ် ၏ အဓိကညွှန်ကြားချက် ၃ ချက်တွင် အမေရိကန်ပြည်ထောင်စုအား အကောက်ခွန်အရေးယူမှုမှ ဖယ်ရှားရန် တိုက်တွန်းခြင်း၊ ဘဏ္ဍာရေး ထောက်ပံ့မှု အစီအမံများကို အာမခံပေးစဉ်တွင် ပြည်တွင်းစက်မှုလုပ်ငန်းနှင့် အလုပ်အကိုင်များအပေါ် အကျိုးသက်ရောက်မှု ကို အကဲဖြတ်ရန် တိုက်တွန်းခြင်း နှင့်အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဆောင်ရွက်မှုကို သက်ဆိုင်ရာ ဝန်ကြီးများနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်းခြင်း တို့ပါဝင်ကြောင်း Nikkei မီဒီယာ မှတစ်ဆင့်ဖော်ပြထားပါသည်။
Xinhua
DOCA(ရန်ကုန်)