Main menu

“ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက် အညီ စားသုံးသူပြည်သူများ နေ့စဉ်စားသုံးလျက်ရှိသော စားအုန်းဆီများ လက်လီ/လက်ကားရောင်းချနေမှု အခြေအနေများကို ဧပြီလ(၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဇော်မင်းအေး၊ ဦးထွန်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်း(၁)ဦးတို့ ပူးပေါင်း၍ ရပ်ကွက်အတွင်းနှင့် စည်ပင် သာယာဈေးအတွင်း စားအုန်းဆီအရောင်းဆိုင်များအား စစ်ဆေးကြရာ ရပ်ကွက်တွင် ရောင်းချ နေသော ဆိုင်များဖြစ်သည့် ကွမ်းခြံကုန်းမြို့နယ် စားအုန်းဆီကိုယ်စားလှယ် ဦးဟိန်းသော်ဇင်ဦး (KMA Asia) လက်လီ/လက်ကား အရောင်းဆိုင် ၊ အမှတ်(၉) ဗိုလ်ချုပ်လမ်းဈေးပိုင်းရပ်ကွက် ဦးကျော်လွင် လက်လီ အရောင်းဆိုင်၊ အမှတ်(၅၆၂) ရတနာပုံ (၂)လမ်း ကံကြီးမကျီးရပ်ကွက်၊ ဦးရဲဝင်းသိန်း လက်လီအရောင်းဆိုင်၊ အမှတ်(၄၃၅) ကံကြီးမကျီးရပ်ကွက်ဆိုင်များနှင့် စည်ပင် သာယာဈေးအတွင်း ရောင်းချသည့် ဒေါ်လဲ့လဲ့သင်း (ဆိုင်-၄၂/၄၃)လက်လီအရောင်းဆိုင်၊ ဒေါ်မြတ်သီတာကျော် (ဆိုင်-၁၃/၁၄) လက်လီ အရောင်းဆိုင်၊ ဒေါ်မျိုးသူဇာထွန်း (ဆိုင်-၁/၂) လက်လီအရောင်းဆိုင်များမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားအုန်းဆီဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီအမည်၊ ခွဲတမ်းရရှိသည့် ပိဿာ၊ပေပါ၊ ဖြန့် ဖြူးရောင်းချသည့် ပိဿာ၊ ပေပါ လက်လီ/လက်ကားဈေးနှုန်းများ စာရင်းကောက်ယူခဲ့ကြပြီး ၎င်းတို့၏ နေ့စဉ်ရောင်းချနေမှု ပုံစံများကိုပါ မေးမြန်းခဲ့ကြောင်း သိရသည်။

     အဆိုပါ စားအုန်းဆီရောင်းချသည့် လက်လီဆိုင်များမှ ကွမ်းခြံကုန်းမြို့နယ် စားအုန်းဆီ ကိုယ်စားလှယ်ထံမှ လက်ကားဈေးဖြင့် ဝယ်ယူ၍ နှစ်ရာခိုင်နှုန်းအမြတ်ဖြင့် မိမိရောင်းချ ပေးရမည့် ရပ်ကွက်၊ ကျေးရွာများကို အိမ်ထောင်စုတစ်ခုလျှင် အိမ်ထောင်စုစာအုပ်ဖြင့် (၇)ရက် တစ်ပတ် တစ်ကြိမ် (၅၀)ကျပ်သားနှုန်းဖြင့် နေ့စဉ် နံနက် (၀၇:၀၀)နာရီမှ ညနေ (၁၅:၀၀) နာရီအချိန်အထိ ရောင်းချ လျက်ရှိပြီး စားအုန်းဆီကိုယ်စားလှယ် ဦးဟိန်းသော်ဇင်ဦးမှလည်း အပတ်စဉ် သတ်မှတ်ရည်ညွှန်းဈေးပေါ်တွင် သယ်ယူခ၊ လုပ်အားခများတွက်ချက်၍ နှစ်ရာခိုင် နှုန်းအမြတ်ဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ တာဝန်ယူရောင်းချမည့် လက်လီဆိုင်များသို့ ၎င်းမြို့နယ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်၊ အကြော်ဆိုင်များနှင့် ဘုန်းတော်ကြီး ကျောင်း၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ သာရေး၊ နာရေးကိစ္စများပါ နေ့စဉ်ရောင်းချနေ ကြောင်း သိရသည်။

    ထို့နောက် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားအုန်းဆီများကို စားသုံးသူများလက်ဝယ်အရောက် ရောင်းချရန် နှစ်ရာခိုင်နှုန်းအမြတ်ထက် မပိုသော ဈေးနှုန်းဖြင့်သာ ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းများမပြုလုပ်ကြရန် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)