Main menu

“ ကွမ်းခြံကုန်းမြို့နယ်အတွင်းရောင်းချနေသောစည်သွပ်ဘူးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ကုန်စည်၊ ဝန်ဆောင်မှုများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ဧပြီလ (၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်း မြို့နယ် စည်ပင်သာယာ ဈေးနှင့် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဇော်အေးမင်း၊ ဦးထွန်းထွန်း ကျန်းမာရေးမှူးတို့နှင့် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦး တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ကွမ်းခြံကုန်းမြိုနယ် မြို့မဈေးတွင် စည်သွပ်ဘူးများ ရောင်းချသော ဆိုင်အမှတ် (၂၅)၊ ဒေါ်ကျင်သန်း ကုန်မျိုးစုံဆိုင်၊ ဆိုင်အမှတ်(၄) ဦးစန်းဌေး ကုန်စုံဆိုင်တို့မှ ငါးသေတ္တာ စည်သွပ်ဘူးများ နှင့် မြို့မရပ်ကွက် အမှတ်(၃၃) ဦးစိန်အောင်+ ဒေါ်စိမ့်စိမ့်လွင် (Aung Mini Mart)ဆိုင်မှ ငါးသေတ္တာ စည်သွပ်ဘူးများကို ၎င်းစားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရန် ရည်ရွယ် ၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

          အဆိုပါ စည်သွပ်ဘူးများကို စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပါရှိရမည့်အချက်အလက်များနှင့် ကိုက်ညီမှုရှိကြောင်း  စစ်ဆေးတွေ့ရှိရပြီး ကွင်းဆင်းစစ်ဆေးခဲ့သော ကုန်စုံဆိုင်လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ ရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူများကို အသိပညာပေး ဟောပြောခြင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှု များနှင့် ပတ်သတ်၍ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းရှင်များ အနေဖြင့် မိမိရောင်းချသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားအား ပြည့်စုံမှုရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို အသိပညာပေး ဆွေးနွေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)